မချမ်းဘောမြို့နယ်တွင် သစ်တောပြုစုထိန်းသိမ်းခြင်းနည်းစနစ်၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်းနှင့် CF တည်ထောင်ခွင့် လက်မှတ်ပေးအပ်

မချမ်းဘော ဖေဖော်ဝါရီ ၁

ကချင်ပြည်နယ် ၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ဒေသခံပြည်သူများ၏ သစ်တောထွက်ပစ္စည်း လိုအပ်ချက်များကိုဖြည့်ဆည်းနိုင်ရန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ သစ်တောပြုစုထိန်းသိမ်းခြင်း နည်းစနစ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်းနှင့် CFလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့  နံနက် (၁၁)နာရီက မချမ်းဘောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး မလိခအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပူတာအိုခရိုင် ၊ ပူတာအိုမြို့နယ် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဖန်းအောင်က သစ်တောပြုစုထိန်းသိမ်းခြင်းစနစ်နှင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များနှင့် သဘာဝထိန်းသိမ်းရေးဆိုင်ရာများအား (Power Point) များဖြင့် အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် (၂၀၂၃)ခုနှစ် မိုးရာသီတွင် ထီခကြိုးပြင်ကာကွယ် တောအတွင်း ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း လုပ်ငန်းဆောင်ရွက်သည့် ကျေးရွာများဖြစ်သည့် ပန် ဆပ်ကျေးရွာ (၂၀၀)ဧက၊ နမ်ဘူယာန်ကျေးရွာ(၄၀၀၀)ဧက၊ ထန်ဂါးကျေးရွာ(ထန်ဂါးကျေးရွာ၃၀၀)ဧက စုစုပေါင်း(၄၅၀၀)ဧက တည်ထောင်စိုက်ပျိုးခဲ့သည့် ကျေးရွာများသို့ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခွင့် CF တည်ထောင်ခွင့် လက်မှတ်များကို ပူတာအိုမြို့နယ် သစ်တောဦးစီးဌာနမှူးက အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မချမ်းဘောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊  ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံရပ်မိရပ်ဖများ၊ CF အသုံးပြုသူအဖွဲ့ဝင်များ စုစုပေါင်း(၅၀) ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော)