ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်နှင့်အညီ ထုပ်ပိုးခြင်း၊ ရုပ်ပုံကပ်ခြင်း၊ စာသားများ ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာ အမိန့် ပြဌာန်းချက်များနှင့်ပတ်သက်၍ ကချင်ပြည်နယ်အဆင့် အသိပေးရှင်လးင်းပွဲ ကျင်းပ

မြစ်ကြီးနား ဇန်နဝါရီ ၂၆

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ စာသားများ ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာ အမိန့်ပါပြဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်ချက်များနှင့် ဆန်းစစ်ချက်ပုံစံများအား ပြည်နယ်အဆင့် အသိပေးရှင်းလင်းပွဲကို ဇန်နဝါရီ ၂၆ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုက အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင့်နိုင်က ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲ (နေပြည်တော်)မှ ညွှန်ကြားရေးမှူး ဒေါက်တာသီတာဝင်းက ဆေးလိပ်ဆေးရွက်ကြီး အန္တရာယ်နှင့် အမိန့်စာပါပြဌာန်းချက်များအား ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူးဒေါက်တာဇော်ရိန်က ထုတ်ပြန်ထားသည့် အမိန့်စာအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များ၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဥပဒေအရာရှိများ၊ ပြည်နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးများ၊ ဝန်ထမ်းများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)