မိုးကောင်းမြို့၌ လူငယ်စကားဝိုင်းကျင်းပ

မိုးကောင်း      ဇန်နဝါရီ        ၁၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် စံထက်ကျော်ကိုယ်ပိုင် အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ဇန်နဝါရီ(၁၆)ရက် နေ့လယ်(၁)နာရီတွင် အဆိုပါကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် စံထက်ကျော်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးကြိုင်က လူငယ်စကားဝိုင်းတွင်တက်ရောက်ဆွေးနွေးကြသောလူငယ်များအနေဖြင့် အသိပညာဗဟုသုတရရှိစေပြီး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိကာ အချင်းချင်းချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရေး ပြောကြားသည်။

လူငယ်စကားဝိုင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ဦးဆောင်ကာ Grade-11 မှ မစင်ပန်အောင်က လူငယ်နှင့်မလိုလားအပ်သော အလေ့အထခေါင်းစဉ် ဖြင့်လည်းကောင်း၊ Grade-9 မှ မအေးမြင့်မြတ်စိုးက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ် ဖြင့်လည်းကောင်း၊ Grade-11 မှ မောင်ဆွတ်ရိန်ဂျာက လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-10 မှ မောင်ဘုန်းမြင့်ကျော်က လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့်လည်း ကောင်း အသီးသီးဆွေးနွေးကာ တက်ရောက်လာသူများမှ သိလိုသည်များကို ကဏ္ဍအသီးသီး အလိုက် ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် သုတရသစာအုပ်များကိုလည်း စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)