ပန်နန်းဒင် ဇန်နဝါရီ ၁၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့တွင် ကိုယ်ကာယကျန်းမာကြံ့ခိုင်နိုင်စေရေးနှင့် အားကစား သမားကောင်းများ ပေါ်ထွက်လာစေရေး တို့အတွက် ၂၀၂၄ ခုနှစ် မြို့အုပ်ချုပ်ရေးမှူးဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ(၁၁)ရက်က ပန်နန်းဒင်မြို့ မြို့မ အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက အားကစားသမားများအနေဖြင့် ဘောလုံးစည်းမျဉ်း စည်းကမ်းများနှင့်အညီ ယှဉ်ပြိုင်ကစားသွား ကြရန်နှင့် မြို့ကိုယ်စားပြု အားကစားသမားအဖြစ် သာမက ခရိုင်၊ ပြည်နယ်၊ နိုင်ငံကိုယ်စားပြု အားကစားသမားများဖြစ်လာအောင် ကြိုးစား သွားကြရန် တိုက်တွန်းအမှာစကားပြောကြားပြီး ပူတာအိုခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၄ ခုနှစ် မြို့အုပ်ချုပ်ရေးမှူးဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲတွင် အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ပေးအပ်သော အားကစားပစ္စည်းများကို တာဝန်ရှိသူတစ်ဦးက ထောက်ပံ့ပေးအပ်သည်။
ထို့နောက် မြို့မလူငယ်မောင်မယ်များက ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ကပြဖျော်ဖြေတင်ဆက် ခဲ့ကြပြီး ကွင်းဖွင့်ပွဲအနေဖြင့် Hero ဂဝိုင် FC အသင်းနှင့် ခရောင်း FC အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ခရောင်း FC အသင်းက လေးဂိုးသုံးဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ ပန်နန်းဒင်မြို့ရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ပြိုင်ပွဲဝင်အသင်းပေါင်း(၈)သင်းတို့က ဇန်နဝါရီ(၁၁)ရက်မှ(၁၉)ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွား မည်ဖြစ်ပြီး ပြိုင်ပွဲတွင် ပထမဆု ကျပ်ငါးသိန်း၊ ဒုတိယဆုကျပ်သုံးသိန်း၊ တတိယဆုကျပ်နှစ်သိန်းနှင့် စတုတ္ထဆုကျပ်သိန်း အသီးသီး ဆုချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့(ပြန်/ဆက်)