ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပလျက်ရှိသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စတင်ကျင်းပနေမှုအား ကြည့်ရှုအားပေး

မြစ်ကြီးနား ဇန်နဝါရီ ၃

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါ အားကစားပြိုင်ပွဲများကို မြစ်ကြီးနားမြို့၌ သတ်မှတ်နေရာအလိုက် ကျင်းပပြုလုပ်နေမှုကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူနှင့် တာဝန်ရှိသူများ၊ အားကစားနည်းအလိုက် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်လျက်ရှိသည့် ကီလိုတန်းအလိုက် လက်ဝှေ့ပြိုင်ပွဲ ကျင်းပပြုလုပ်နေမှု၊ အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ တိုက်ကွမ်ဒိုပြိုင်ပွဲ၊ ကရာတေးဒိုပြိုင်ပွဲများနှင့် အမျိုးသား/အမျိုးသမီး ဂိုးလတ်ဘောလုံးပြိုင်ပွဲများ ကျင်းပပြုလုပ်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ဆပ်ကော်မတီအလိုက် တာဝန်ရှိသူများနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် သီတာရပ်ကွက်အတွင်းရှိ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသက် (၁၃)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများ ကျင်းပပြုလုပ်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ထိုမှတစ်ဆင့် အောင်နန်းရပ်ကွက်အတွင်းရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း မြန်မာ့သိုင်းဆပ်ကော်မတီက ကျင်းပပြုလုပ်လျက်ရှိသည့် မြန်မာ့သိုင်း သရုပ်ပြလေ့ကျင့်ပြိုင်ပွဲ ကျင်းပပြုလုပ်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးက မြန်မာ့သိုင်းသရုပ်ပြအဖွဲ့များနှင့် ရှမ်းရိုးရာအတီးအမှုတ်အဖွဲ့တို့အတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်အတွင်းရှိ တရုတ်ဗုဒ္ဓဘာသာနှင့် ကွန်ဖြူးရှပ်ယဉ်ကျေးမှုသင်တန်းကျောင်းအတွင်း၌ ကျင်းပပြုလုပ်လျက်ရှိသည့် ခရိုင်၊ မြို့နယ်များအလိုက် အမျိုးသား/အမျိုးသမီး ဘတ်စကတ်ဘောပြိုင်ပွဲ ကျင်းပပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက ပြိုင်ပွဲဝင်ဘတ်စကတ်ဘော အသင်း(၁၀)သင်းတို့အတွက် စုစုပေါင်းငွေကျပ် ၈၅၀၀၀၀ တန်ဖိုးရှိ  ဘတ်စကတ်ဘောဘောလုံး (၂)လုံး စီနှင့် ဂိုးပိုက်တစ်စုံစီဖြင့် ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို မြစ်ကြီးနားမြို့၌ အားကစားနှင့်ကာယပညာဦးစီးဌာနပိုင် အားကစားကွင်း၊ အားကစားရုံများတွင် သတ်မှတ်နေရာများအလိုက် အားကစားနည်း (၁၅)နည်း၊ ပျော်ပွဲရွှင်ပွဲအားကစားနည်း (၉)မျိုးဖြင့် ဇန်နဝါရီ ၁ ရက်နေ့မှ စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးနေ့တွင် အားကစားနည်းအလိုက် ဆုများကို ထိုက်တန်စွာ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးမှ သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်ပညာ‌ရေးမှူးရုံး လတ်တလောနယ်မြေအခြေအနေအရ မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော တာလောကြီးဒေသ တာချယ်(၁)၊ (၂)ကျေးရွာ၊ ခေါင်ဖူးကျေးရွာသစ်၊ ခေါင်ဖူးရွာဟောင်းတို့ရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအတွက် ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် ငွေကျပ် (၂၆)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးက လတ်တလောနေထိုင်စားသောက်မှု အဆင်ပြေစေရေး ပြည်နယ်ပညာရေးမှူး၊ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)