မံစီ ဇန်နဝါရီ ၃
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မံစီမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် အခြေခံပညာအထက်တန်းကျောင်း(မံစီ) ဖုန်ကန်ဒူဝါခန်းမ၌ ဗန်းမာ်တက္ကသိုလ်မှ ဆရာ၊ ဆရာမများ လာရောက်ဆွေးနွေးပို့ချခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် ၈ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပို့ချခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မံစီမြို့နယ်ရှိ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် အထက်တန်းကျောင်း (၅)ကျောင်းမှ ကျောင်းသား/သူများကို ဘာသာရပ်များကို ပိုင်နိုင်စွာ သင်ကြားတတ်မြောက်စေရန်အတွက် ဗန်းမော်တက္ကသိုလ်မှ ဘာသာရပ်အလိုက် ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူး (ရူပဗေဒ၊ ဓာတုဗေဒ၊ ပထဝီ၊ သမိုင်း၊ စီးပွားရေး၊ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ)ဆရာ၊ ဆရာမများ (၂၅)ဦးက လာရောက်၍ ဇန်နဝါရီလ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ (၂)ရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ မံစီမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများဖြစ်သည့် အ.ထ.က-မံစီ၊ အ.ထ.က-မိုင်းခေါန်၊ အ.ထ.က-ဟန်ထက်၊ အ.ထ.က-စီခမ်းကြီး၊ အ.ထ.က-မန်သာမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း(၁၀၃)ဦး တက်ရောက်၍ အပြန်အလှန်ဆွေးနွေးပို့ချခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်ပညာရေးရုံးမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)