ဝိုင်းမော်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးစံပြကွက် ရိတ်သိမ်းခြင်း အခမ်းအနား ကျင်းပ

ဝိုင်းမော် ဒီဇင်ဘာ ၃၀

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် သမဝါယမအသင်းစု၏ ဦးဆောင်မှုဖြင့် လယ်ယာအထောက်အကူပြု သမဝါယမလုပ်ငန်း ပေါင်ကမ်လား သမဝါယမအသင်းလီမီတက်၏ ၂၀၂၃ ခုနှစ် မိုးစပါး စံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲက ဝိုင်းမော် မြို့နယ် ရပ်ကွက်(၅)ရှိ အသင်းသားတောင်သူ ဦးအေးလင့်ပိုင်ဆိုင်သော မုတ်လွဲကွင်းအမှတ် (၄၁)တွင် ကျင်းပခဲ့သည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာနမှ ဝန်ထမ်းများဒေသခံတောင်သူများ တက်ရောက်ကြပြီး တက်ရောက်လာသူများက တောင်သူ ဦးအေးလင့်ပိုင်ဆိုင်သည့် မိုးစပါးစိုက်ပျိုးလယ်ယာမြေတွင် စိုက်ပျိုးထားရှိသည့် GW- 11 စပါးမျိုးအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုအား ကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါ GW- 11 စပါးမျိုးသည် သက်တမ်းတို အထွက်တိုးစပါးမျိုးဖြစ်ကာ ယခုစံကွက်ရိတ်သိမ်းရာ၌ အစို တစ်ဧက(၁၄၅)တင်း နှုန်းထွက်ရှိပြီး အခြောက်တစ်ဧက တင်း(၁၃၀)အထိ ထွက်ရှိကြောင်း စိစစ်တွေ့ရှိရပြီး စိုက်ပျိုးရက်မှာ ၂၀၂၃ခုနှစ် စက်တင်ဘာ လဆန်းမှ စိုက်ပျိုးခဲ့ပြီး ဒီဇင်ဘာလတွင် ရိတ်သိမ်းနိုင်ခြင်းကြောင့် သက်တမ်း(၃)လသာကြာမြင့်ပြီး ဒေသခံတောင်သူများအတွက် အကျိုး ပိုမိုဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဖြူစင်