မချမ်းဘော ဒီဇင်ဘာ ၂၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့ ကျောက်နဂါးကုတ်းတော်ပေါ်ရှိ အောင်တော်မူအေး စေတီတော်မြတ်ကြီး၌ ဒုတိယအကြိမ် မြောက် အသံမစဲမဟာပဌာန်း ကျမ်းသိမ်းအောင်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကြွရောက်လာကြသော ဆရာတော်သံဃာတော် အရှင်သူမြတ်တို့နှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ကာ ပန်းရေချမ်းဆီမီးပန်းနှင့် သစ်သီးကိုးမျိုးဆွမ်းတော်အလှူကို ကပ်လှူပူဇော်ကြပြီး ဆရာတော်မဟာသဒ္ဓမ္မ ဇောတိက ဓဇဘဒ္ဒန္တတိလောကက သီလပေးတရားတော်ကို ချီးမြှင့်ရာ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော် သံဃာတော် တို့အား လှူဖွယ်ဝတ္ထုအစုစုတို့နှင့် ပဌာန်းက္က္ဆ္ဆာသရ စာရေးတံမဲအလှူတော်ငွေများကို အသီးသီးကပ်လှူပူဇော်ခဲ့ကြပြီး ဆရာတော် သံဃာတော်တို့ ချီးမြှင့်တော်မူသော မေတ္တာသုတ်တရားတော်ကို အတူတကွနာယူကြသည်။
ထို့နောက် မချမ်းဘောမြို့ တောင်တန်းသာသနာပြု (ဗဟို)ကျောင်း ကျောင်းထိုင် ဆရာတော် ဦးပညာဝရက ပဌာန်းသိမ်းအောင်ပွဲ အနုမောဒနာ တရားကို ချီးမြှင့်ဟောကြားတော်မူပြီး လှူဒါန်းသမျှ ပြုပြုသမျှကောင်းမှုကုသိုလ်တို့ကို စုပေါင်းရေစက်ချ ပတ္တိဒါနအမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းကာ ကြွရောက်လာကြသော ဆရာတော် သံဃာတော် အရှင်သူမြတ်တို့နှင့် သီလရှင်တို့အား ဆွမ်းဆန်စိမ်းကပ်လှူခဲ့ကြကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော)