ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန် အသင်းတော်များနှင့် အခြားဘာသာရေး အသင်း/ အဖွဲ့များထံ ကောက်သစ်/ ကောက်ဦးပေါ်ချိန် ကောက်ဦးအလှူအဖြစ် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ သွားရောက်လှူဒါန်း

မြစ်ကြီးနား နိုဝင်ဘာ ၂၆

မိုးစပါးရိတ်သိမ်းပြီးချိန်တွင် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများက ရိုးရာဓလေ့ထုံးစံပွဲတော်ဖြစ်သည့် ကောက်သစ်စား (အင်လုံအင်နန်ရှား) ပွဲတော်ကို နှစ်စဉ် နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ် လေ့ရှိသည့်အပြင် ကောက်ဦး/ ကောက်သစ်ပေါ်ချိန်တွင် အဦးအဖျားရရှိသည့် ကောက်ပဲသီးနှံများကို အလှူဒါနအဖြစ် လှူဒါန်းမှုများကိုလည်း ဆောင်ရွက်လေ့ရှိရာ နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် ၈ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့ပေါ်ရှိ ဘာသာရေးကျောင်းများနှင့် အသင်း/ အဖွဲ့အသီးသီးသို့ သွားရောက်ပြီး ကောက်ဦးအလှူအဖြစ် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များကို လှူဒါန်းကြသည်။

ထိုသို့ လှူဒါန်းရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ ရှမ်းစုမြောက် ရပ်ကွက်အတင်းရှိ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်သို့ သွားရောက်ပြီး ဝန်းသိုကျောင်း ဦးစီးပဓာနနာယကဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္ကေတုမာ အမှူးပြုသော ဆရာတော်အရှင်မြတ်တို့အား ဖူးမြော်ကြည်ညိုပြီး ပြည်နယ်ဝန်ကြီးချုပ်က ကောက်ဦး အလှူဒါအဖြစ် ဆန်စပါးရိတ်သိမ်းပြီးချိန်တွင် လှူဒါန်းရခြင်းဖြစ်ကြောင်း၊ ကချင်ပြည်နယ်သာယာ ဝပြောရေးနှင့် အေးချမ်းသာယာရေးအတွက် ဝိုင်းဝန်း ဆုတောင်းပေးကြစေလိုကြောင်း လျှောက်ထားတင်ပြပြီး ဆန်အိတ် ၁၀၊ ဆီ ၂၀ ဘူး၊ ကုလားပဲနှင့် ဆား ၁ အိတ်၊ ခေါက်ဆွဲခြောက် ၁၅ ဖာနှင့် ရေသန့် ၂၀ ကတ်တို့ကို လှူဒါန်းပေးအပ်ခဲ့ကာ အနုမောဓဒနာတရားတော်များ နာယူခဲ့ကြသည်။

ထို့နောက် မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်အတွင်းရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)ရုံးသို့ သွားရောက်ပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တွဲဖက်အတွင်းရေးမှူး၊ အမှုဆောင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ ရိုးရာကောက်သစ်စားပွဲတော်အကြို ကောက်ဦးအလှူဒါနအဖြစ် လှူဒါန်းရ ခြင်းနှင့် ဓမ္မအမှုဆောင်များနှင့် ဘာသာရေးအသီးသီးက ဆုတောင်းကူညီကြခြင်းဖြင့် ပြည်နယ်သာယာဝပြောပြီး အေးချမ်းသာယာမည်ဖြစ် ကြောင်း ရှင်းလင်းပြောကြားကာ ကောက်ဦးအလှူအဖြစ် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ခေါက်ဆွဲခြောက်ဖာများနှင့် ရေသန့်ကတ်များကို ပေးအပ်လှူဒါန်းခဲ့ကြပြီး ဓမ္မအမှုဆောင် များ၏ ဆုတောင်းဆက်ကပ် ကောင်းချီးပေးမှုကို ခံယူခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မင်းရပ်ရပ်ကွက်အတွင်းရှိ ဟိန္ဒူဘာသာရေး ကျောင်း၌ လည်းကောင်း၊ ဂျာမေ့ဗဟိုဗလီ၌ လည်းကောင်း၊ မြို့မရပ်ကွက်အတွင်းရှိ ဆစ်ခ် ဘာသာရေးကျောင်း၌လည်းကောင်း၊ မြို့သစ်ရပ်ကွက်အတွင်းရှိ ယူနန်ဘုံကျောင်းနှင့် ခရစ်တော်၏ အသင်းတော်၌ လည်းကောင်း၊ မြေမြင့်ရပ်ကွက်အတွင်းရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(မူရင်း) အသင်းတော်ကျောင်း၌ လည်းကောင်း၊ တပ်ကုန်းရပ်ကွက်အတွင်းရှိ အေဂျီ(ဧဝံဂေလိ)အသင်းတော် အမှတ်(၁၀)နှင့် ခရစ်တော်၏ အသင်းတော်များ၌ လည်းကောင်း သွားရောက်လှူဒါန်းခဲ့ကြသည်။

ထို့အပြင် စီတာပူရပ်ကွက်အတွင်းရှိ နတ်ဂျော့ဘာသာရေးအဖွဲ့ ဗိမ္မာန်တော်၌ လည်းကောင်း၊ မြို့သစ် ရပ်ကွက်အတွင်းရှိ ဂေါ်ရခါးသန္တနဓမ္မပါလ အဖွဲ့ချုပ်ရုံး၌ လည်းကောင်း၊ စိန့်ကိုလ်လန်ဘန် ကတ်သလစ်အသင်းတော်၌လည်းကောင်း သွားရောက်ခဲ့ကြပြီး အသင်းတော်နှင့် ဘာသာရေး အဖွဲ့ အစည်းအသီးသီးရှိ ဘာသာရေးခေါင်းဆောင်များ၊ ဓမ္မအမှုဆောင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ခေါက်ဆွဲခြောက်များနှင့် ရေသန့်ကတ်များကို ကောက်ဦးအလှူအဖြစ် ပေးအပ်လှူဒါန်းခဲ့ကြပြီး ဓမ္မအမှုဆောင်ခေါင်းဆောင်များ၊ ဘာသာရေး ဆရာများထံမှ ဘာသာအလိုက် ဆုတောင်းဆက်ကပ်ကောင်းချီးပေးမှုကို ခံယူခဲ့ကြသည်။

ယနေ့ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကောက်ဦးအလှူဒါနအဖြစ် မြစ်ကြီးနားမြို့ပေါ်ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန်ကျောင်း များနှင့် အခြားဘာသာရေးအသင်းအဖွဲ့များသို့ လှူဒါန်းမှု သည် စုစုပေါင်းဆန်အိတ် ၁၅၀ အိတ်၊ ဆီ ၂၈၀ ဗူး၊ ကုလားပဲ ၁၄ အိတ်၊ ဆား ၁၄ အိတ်၊ ခေါက်ဆွဲခြောက်ဖာ ၂၁၀ နှင့် ရေသန့် ၂၈၀ ကတ်တို့ကို ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

ပြည်နယ်ပြန်/ဆက်