ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးစပါးစိုက်ကွင်းများအတွင်း ဆီထွက်သီးနှံနေကြာအပါအဝင် ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေး ကွင်းဆင်းစစ်ဆေး၊ ၂၀၂၃ ခုနှစ်၊ ရိုးရာကောက်သစ် (အင်လုံအင်နန်) စား ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မြစ်ကြီးနား နိုဝင်ဘာ ၂၄

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် ‌ဒေသတွင်း ဆီစားသုံးမှုဖူလုံစေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် နိုဝင်ဘာ ၂၂ ရက်နေ့ ညနေ ၃ နာရီ က မြစ်ကြီးနားမြို့၌ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မန်ခိန်(စက်မှုဇုံ)ရပ်ကွက်အတွင်း ဗလမင်းထင် ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွင်းသို့ သွားရောက်ပြီး တပ်ကုန်းကွင်းဘက်ရှိ မိုးစပါးခင်းများ ရိတ်သိမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် စပါးအားလုံး ရိတ်သိမ်းပြီးချိန်တွင် ဆီထွက်သီးနှံ နေကြာအပါအဝင် ပဲပုတ်၊ ပြောင်းနှင့် အခြားသီးနှံများ စိုက်ပျိုးဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မိုးစပါးအားလုံး ရိတ်သိမ်းပြီးချိန်တွင် စိုက်ကွက်များအားလုံး ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေး စိုက်ကွင်းများအတွင်း ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် တူးဖော်ထားသည့် ဆိုလာရေတွင်း/ စက်ရေတွင်းများမှ စိုက်ပျိုးရေလုံလောက်စွာရရှိရေး ပင်မမြောင်း(အင်ဂျန်းခချောင်း)နှင့်လက်တံရေမြောင်းများ ပြန်လည်တူးဖော်နိုင်ရေး၊ နေကြာမျိုးသန့်မျိုးစေ့နှင့် ပဲပုတ်နှင့် အခြားသီးနှံမျိုးစေ့များ လုံလောက်စွာဖြန့်ဝေပေးနိုင်ရေး၊ ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာနှင့် သွင်းအားစုများ ပံ့ပိုးကူညီပေးနိုင်ရေး၊ စပါးစိုက်ကွင်းအတွင်း ပင်မမြောင်းနှင့် လျှောက်လမ်းပေ ၁၀၀၀၀ ပြည့်အောင် ထပ်မံဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လယ်ကုန်းရပ်ကွက်အတွင်း ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် ကျောက်စီရေထိန်းနံရံတည်ဆောက်ပြီးစီးသည့် အခြေအနေများ နှင့် မြစ်ကမ်းဘေးတစ်လျှောက်လုံးတွင် နေကြာစိုက်ပျိုးနိုင်ရေး ကွင်းဆင်းစစ်ဆေးကြသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသွားမည့် ၂၀၂၃ ခုနှစ်၊ ရိုးရာကောက်သစ်စား (အင်လုံအင်နန်)ပွဲတော် ကျင်းပပြုလုပ်နိုင်ရေး ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အနေဖြင့် နှစ်စဉ် ရိုးရာပွဲတော်ကြီးနှစ်ခုကို ကျင်းပလေ့ရှိပါကြောင်း၊ ထိုရိုးရာပွဲတော်ကြီးများသည် ကချင်ပြည်နယ်နေ့ မနောပွဲတော်နှင့် ရှေးဘိုးဘွားများလက်ထက်ကတည်းကပင် ကျင်းပပြုလုပ်ခဲ့သည့် အင်လုံအင်နန်ရှားခေါ် ရိုးရာကောက်သစ်စားပွဲတော်များပင်ဖြစ်ပါကြောင်း၊ ယခုနှစ်တွင်လည်း ရိုးရာကောက်သစ်စားပွဲတော်ကို ယခုလအတွင်း စိုက်ပျိုးသီးနှံများ ရိတ်သိမ်းပြီးချိန်တွင် အစဉ်အလာမပျက် ကျင်းပပြုလုပ် သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယခင်နှစ် ကောက်သစ်စားပွဲတော် ကျင်းပပြုလုပ်ခဲ့သည့် အခြေအနေများအပေါ် အားသာချက်/ အားနည်းချက်များကို သုံးသပ်ဆွေးနွေးခြင်းနှင့် ယခုနှစ် ကျင်းပပြုလုပ်သွားမည့် နေ့ရက်/ အစီအစဉ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ရိုးရာကောက်သစ်စားပွဲတော် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)