ချီဖွေမြို့နယ်တွင် လူငယ်များ ကိုယ်ရည်ကိုယ်သွေး မြင့်မားလာစေရေး လူငယ်စကားဝိုင်းကျင်းပ

ချီဖွေ နိုဝင်ဘာ ၂၃

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတများရရှိစေပြီး ဉာဏ်ပညာ မြင့်မားရေး၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားလာပြီး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ချီဖွေမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးချစ်အောင်နိုင်ထွန်းနှင့် မြို့နယ်ဒုတိယပညာရေးမှူး ဦးလွမ်းဟောင်းတို့က အဖွင့်အမှာစကားပြောကြားကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဂွာဇာလေးက ကျောင်းသား/သူများသည် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များ ဖြစ်သည့်အတွက် မှန်ကန်သော အတွေးအခေါ်များ ရှိလာစေရန်၊ အနာဂတ်တွင် ပညာရည်ထူးချွန်ပြီး အကျင့်စာရိတ္တနှင့် စည်းကမ်းကောင်းမွန်‌သော လူတော်လူကောင်းများဖြစ်လာစေရန်နှင့် အများရှေ့တွင် ရဲဝင့်စွာပြောဆိုဆွေးနွေးတတ်လာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဦးစီးအရာရှိက ဦးဆောင်၍ Grade-11 မှ မအိအိအောင်က လူငယ်နှင့် ကျန်းမာရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ မမိုးမမက လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မောင်ချီဖဆီးက လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဂျီဘောမ်ဇုန်းက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မဌေးရင်ထွေးက လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြရာ တက်ရောက်လာကြသည့် ကျောင်းသား/သူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနှင့် အပူဒဏ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်တို့ကို ပြသခဲ့ကြရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ယော်ကိ(ပြန်/ဆက်)