ပူတာအို နိုဝင်ဘာ ၂၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့မရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းတို့ ပူးပေါင်းမှုဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဟောပြောပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို နိုဝင်ဘာ(၂၁)ရက် နံနက်(၁၀)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက “လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေး ဟောပြောပြီး ပြိုင်ပွဲတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် အလက(မြို့မ)ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးတို့က ၂၀၂၃-ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀) အမှတ်(၂၁) စာမျက်နှာ(၂) အယ်ဒီတာ့အာဘော်မှ “ထိန်းသိမ်းစောင့်ရှောက်ရမည့် မြန်မာ့ ယဉ်ကျေးမှုအစဉ်အလာကောင်းများ”ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး စကားပုံဆက်ပြိုင်ပွဲတွင် ပညာရေးနှင့် ပတ်သက်သည့် စကားပုံခုနှစ်ခုကို ကျောင်းသားကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြ သည်။
ထို့နောက် ကျောင်းသားကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော စာအုပ်ပြပွဲ၊ နံရံကပ်ပြပွဲနှင့် ဓာတ်ပုံပြပွဲများကို ကြည့်ရှုလေ့လာခဲ့ကြပြီး ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာနှင့် အ.လ.က(မြို့မ)ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝဒမ်းခေါင်ခေါ်ဇီတို့က ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)