မြစ်ကြီးနား နိုဝင်ဘာ ၂၂
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ ကချင်ပြည်နယ် အခြေခံပညာကျောင်းသားအားကစားပွဲတော်ကို ပြည်နယ်အတွင်း အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/သူ အင်အားများစွာဖြင့် ယမန်နေ့မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ ပြည်နယ်ဘောလုံးကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်” ဖြင့် တေးသရုပ်ဖော် ကပြဖျော်ဖြေခဲ့ကြပြီး ဘင်ခရာတပ်ဖွဲ့(၅)ဖွဲ့မှ ဦးဆောင်၍ ပြိုင်ပွဲဝင် အားကစားအသင်း များက ကွင်းအတွင်း နေရာယူခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်အား အလေးပြုကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ယခုလိုကျောင်းသားအားကစားပွဲတော်ကြီးကို ကျင်းပပေးခြင်း အားဖြင့် ကျောင်းသား/ကျောင်းသူများ၏ အားကစားဖွံ့ဖြိုးမှု အခွင့်အလမ်းများ ရရှိစေသည့်အပြင် ကျောင်းအဆင့် လက်ရွေးစင်မှသည် မြို့နယ်အဆင့်၊ ပြည်နယ်အဆင့်၊ နိုင်ငံ့လက်ရွေးစင်အားကစားသမား အဖြစ် ရွေးချယ်ခံရပြီး မိမိတို့၏ ကျွမ်းကျင်မှုအရည်အသွေးကို ပြသခွင့်ရရှိမည်ဖြစ်သည့်အတွက် ကျောင်းသား/သူများ အလယ်တွင် အားကစားထူးချွန်သူအဖြစ် အသိအမှတ်ပြုခံရပြီး မိမိဘဝအတွက် ယုံကြည်မှုရှိရှိနှင့် ဆက်လက်လျှောက်လှမ်းသွားနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ပညာသင်ကြားရေး အပိုင်းတွင်လည်း အဆင့်အတန်းနိမ့်ကျမှုမရှိအောင် အထူးကြိုးစား လေ့ကျင့်သင်ယူသွားကြရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် ပြည်နယ်ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် လူငယ်မောင်မယ်များ ပေါ်ထွန်းလာကြစေရန် ဆုမွန်ကောင်း တောင်းလိုက်ပါကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ထို့နောက် ကျောင်းသားအားကစားပွဲတော်ကို ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်၊ ပြည်နယ်ပညာရေးမှူး ဦးခင်မောင်ထွေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယတိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက ပြိုင်ပွဲဝင်အားကစား အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လေ့ကျင့်မှုအကောင်းဆုံးကျောင်းဆုများ၊ ကာယ လေ့ကျင့်ခန်း အတွဲ(၃)လေ့ကျင့်မှု အကောင်းဆုံးဆု၊ မြန်မာ့သိုင်း လေ့ကျင့်မှုအကောင်းဆုံးဆု၊ ကဗျာလွတ် အကလေ့ကျင့်မှု အကောင်းဆုံးကျောင်းဆုများနှင့် လေ့ကျင့်မှုအကောင်းဆုံးဆုရ မြစ်ကြီးနားမြို့နယ် တို့အား ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အားကစားအသင်းများက ပြည်နယ် ဝန်ကြီးချုပ်အား စစ်ကြောင်းပုံဖြင့် အလေးပြု၍ ကွင်းအတွင်းမှ ထွက်ခွာခဲ့ကြသည်။
ဆက်လက်၍ ဖွင့်ပွဲအထိမ်းအမှတ် ဖျော်ဖြေရေးအစီအစဉ်အဖြစ် ကချင်ပြည်နယ်အတွင်းရှိ ဘင်ခရာ (၅)ဖွဲ့မှ စွမ်းရည်ပြတီးခတ်ခြင်းဖြင့် လည်းကောင်း၊ မြစ်ကြီးနားမြို့ပေါ် အခြေခံပညာကျောင်းများမှ ကျောင်းသူ (၄၀၀)ဦးတို့က Fitness Dance အကဖြင့် လည်းကောင်း၊ ကျောင်း (၄၀၀)ဦးတို့က ကာယလေ့ကျင့်ခန်း အတွဲ(၃)ဖြင့် လည်းကောင်း၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသမီးသင်တန်းကျောင်းမှ ကျောင်းသူ (၁၃၀)ဦးတို့က မြန်မာ့ရိုးရာသိုင်း အခြေခံ (၆၃)မောင်းဖြင့် လည်းကောင်း၊ အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသူ (၄၀၀)ဦးတို့က ကဗျာလွတ် အကဖြင့် လည်းကောင်း၊ ကျောင်းသားအားကစားပွဲတော်တေးသီချင်းဖြင့် Kachin State စာသား၊ Welcome 2023-2024 စာသားများကို ပုံဖော်၍ သရုပ်ပြဖျော်ဖြေတင်ဆက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က သရုပ်ပြအဖွဲ့များအားလုံးအတွက် တစ်ဖွဲ့လျှင်ငွေကျပ် နှစ်သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၀ သိန်းကို ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့ သည်။
အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကချင်ပြည်နယ် ကျောင်းသားအားကစားပွဲတော်ကို နိုဝင်ဘာ ၁၈ ရက်နေ့မှ ၂၅ ရက်နေ့အထိ တစ်ပတ်ကြာ ဘောလုံး၊ ဘော်လီဘော၊ တင်းနစ်၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ ဘတ်စကက်ဘော၊ ကြက်တောင်ရိုက်စသည့် အားကစားနည်း (၇)မျိုးဖြင့် ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး အားကစားနည်းအလိုက် ပြည်နယ်လက်ရွေးစင် အားကစားသမားများကို ရွေးချယ်ကာ ဗဟိုအဆင့် ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် ကချင်ပြည်နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဗဟိုအဆင့် အခြေခံကျောင်းသားအားကစားပွဲတော်တွင်လည်း ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ် (၂)ခု၊ ကြေးတံဆိပ် (၂)ခုရရှိခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်