မြစ်ကြီးနား နိုဝင်ဘာ ၂၂
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့တော်မြစ်ကြီးနားမြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်ပြီး အခြေခံအဆောက်အအုံများဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရေး ဘဏ္ဍာနှစ်အလိုက် စီမံကိန်းလုပ်ငန်းများ ရေးဆွဲချမှတ်ဆောင်ရွက်လျက်ရှိရာ မြို့တော်မြစ်ကြီးနားမြို့တွင် ယာယီကုန်တင်ယာဉ်ကြီးများ ရပ်နား၍ ကုန်တင်ကုန်ချပြုလုပ်နိုင်ရေးအတွက် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် လျာထားမြေနေရာအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြို့နယ်အမှုဆောင်အရာရှိ ဦးလှမိုး၊ စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/အမှုထမ်းများနှင့်အတူ ကုန်တင်ယာဉ်ကြီးများ ရပ်နားနိုင်ရေး မြစ်ကြီးနားမြို့ ရွှေပြည်သာရပ်ကွက်အတွင်းလျာထားသည့် မြေနေရာ (၇)ဧကအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက အဆိုပါ လျာထားမြေနေရာအား လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ဆောင်ရွက်သွားရေး၊ မြို့တွင်း ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်အန္တရာယ်ဖြစ်ပွားမှုမှ လျှော့ချနိုင်မည်ဖြစ်သည့်အတွက် ယာဉ်ရပ်နားစခန်းကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရွှေပြည်သာရပ်ကွက်- အားဆာကျေးရွာသွား လမ်း (၃.၅၅)မိုင်မှ ခင်းကျင်းဆောင်ရွက်ရန်ကျန်ရှိသည့် (၄၁၅၀)ပေအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)