မိုးကောင်းမြို့၌ နန့်ခွင်ရေလွှဲဆည်အသစ်ဆောက်လုပ်ရာတွင်ပါဝင်သွားခဲ့သည့် လယ်ယာမြေ ဧရိယာများအတွက် နစ်နာကြေးနှင့်လျော်ကြေးငွေပေးအပ်

မိုးကောင်း      နိုဝင်ဘာ        ၂၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ မိုးကောင်းမြို့နယ်အတွင်းရှိ နန့်ခွင်ရေလွှဲဆည်အသစ် ဆောက်လုပ်ခြင်းဆောင်ရွက်ခဲ့ရာ ဆည်မြောင်းတစ်လျှောက်တာရိုး၊ ကားလမ်းဖောက်လုပ်ခဲ့ရာတွင် ပါဝင်သွားသော တောင်သူ(၁၄)ဦး တို့၏လယ်ယာမြေဧရိယာများအတွက် နစ်နာကြေးနှင့်လျှော်ကြေးပေးဆောင်သည့် အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုဝင်ဘာ(၂၀)ရက် နံနက်(၁၀)နာရီတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးငွေဝင်းမှ နန့်ခွင်ရေလွှဲဆည်လယ်ယာမြေနစ်နာကြေးနှင့် လျော်ကြေးပေးဆောင်ခြင်းကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍  တာဝန်ရှိသူများက တောင်သူ(၁၄)ဦးကို လယ်ယာမြေဧက(၄ ဒဿမ ၄၄)ဧကအတွက် လယ်ယာမြေနစ်နာကြေးနှင့်လျော်ကြေးငွေကျပ် (၁၃၃)သိန်း(၂)သောင်းပေးအပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ့မှု အဖွဲ့ဝင်များ၊ နန့်ခွင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် နစ်နာကြေးနှင့်လျော်ကြေးလက်ခံယူမည့် တောင်သူများတက်ရောက်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)