ဗန်းမော် နိုဝင်ဘာ ၂၁
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းမိသားစုများ၏ နေထိုင် စားသောက်မှု အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များ၊ ထောက်ပံ့ငွေများကို ထောက်ပံ့ပေးလျက်ရှိရာ ဗန်းမော်ခရိုင်အတွင်းရှိ ခရိုင်/ မြို့နယ်များမှ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ဗန်းမော်မြို့သို့ ရောက်ရှိနေသော ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်းက ယမန်နေ့ မွန်းလွဲ ၁ နာရီက ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့သို့ ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်အစိုးရအဖွဲ့မှ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ စားသောက်မှုအဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များကိုလည်းကောင်း၊ ထောက်ပံ့ချီးမြှင့်ငွေများကိုလည်းကောင်း အခါအားလျော်စွာ ထောက်ပံ့ပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးက ခရိုင်အဆင့်ဌာနဆိုင်ရာများအတွက် ထောက်ပံ့ငွေကျပ် သိန်း ၂၀ နှင့် ဗန်းမော်၊ မိုးမောက်၊ မံစီ၊ ရွှေကူမြို့နယ် (၄)မြို့နယ်တို့မှ ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် တစ်မြို့နယ်လျှင် ငွေကျပ် သိန်း (၂၀)စီဖြင့် စုစုပေါင်း ငွေကျပ်သိန်း (၁၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)