မြစ်ကြီးနား နိုဝင်ဘာ ၁၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက် ပိုးစာ (၁) နယ်မြေရှိ လီဆူခရစ်ယာန် အသင်းတော်တွင် တည်ဆောက်ပြီးစီးသွားသည့် ခန်းမ ဆောင်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါ ခန်းမဆောင်ရှေ့တွင် ကျင်းပပြုလုပ်ရာ လီဆူခရစ်ယာန်အသင်းတော်မှ ဆရာယေးဖားလေး ဦးဆောင် သည့်အဖွဲ့မှ သခင်ခရစ်တော်ထံသို့ ဆက်ကပ်ဆုတောင်းပြီး ခန်းမဆောင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ သည်။
ထို့နောက် တာဝန်ရှိသူများ ဦးဆောင်၍ ဘုရားဝတ်ပြုအစီအစဉ်အဖြစ် သိက္ခာတော်ရ ဆရာမတ်ခူးမှ ခရစ်တော်ထံ ဆက်ကပ်ဆုတောင်း၍ တက်ရောက်လာသူများက ဓမ္မတေးသီချင်းသီဆိုကြပြီး သိက္ခာတော်ရဆရာ တီးတိုးမှ ဒေသနာတော်အား ဟောကြားတော်မူကာ တာဝန်ရှိသူ များက ခန်းမဆောင် ဖြစ်မြောက်ရေးတွင် ပူးပေါင်းကူညီဆောင်ရွက်ကြသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
အဆိုပါ ခန်းမဆောင်အား အလျား (၅၀)ပေ၊ အနံ (၁၀၀)ပေနှင့် အမြင့်(၃၀)ပေရှိ သွပ်မိုး သံထည် အဆောက်အအုံအဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်ကာ အသင်းတော်အတွင်း သာရေးနာရေးဆိုင်ရာ ကိစ္စရပ်များအား ခန်းမဆောင်တွင် အခမဲ့ပြုလုပ်နိုင်မည်ဖြစ်ကြောင်းနှင့် ခန်းမဆောင်အား ၂၀၁၀ ခုနှစ်မှ စတင်၍ အသင်းသား/သူများ၊ အလှူရှင်များ ဝိုင်းဝန်းလှူဒါန်းမှုဖြင့် ဆောက်လုပ်ပြီးစီးခဲ့ကြောင်း အမှုတော်ဆောင် ကော်မတီများ ထံမှ သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)