ဗန်းမော် နိုဝင်ဘာ ၁၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးကို ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီခွဲ ခန့်က အထက(၁) အောင်တံခွန်ခန်းမတွင် ကျင်းပ ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက "ကျောင်းသား၊ ကျောင်းသူ လူငယ်များအား ကျောင်းစာအပြင် ပြင်ပ ဗဟုသုတရရှိမည့် စာကောင်းပေမွန်များကို လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် ဗလငါးတန် ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း" ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ အမှတ်(၁) ခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြသည့် Grade-11 ကျောင်းသား မောင်ဇော်ထက်ကျော်က "လူငယ်နှင့် မူးယစ်ဆေးဝါး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်ဇော်လွင်နိုင်က "လူငယ်နှင့် စာဖတ်ခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မလမင်းအေးက "လူငယ်နှင့် ပညာရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျေင်းသူ မနှင်းဖြူစိုးက "လူငယ်နှင့် စိတ်ဓာတ် ခွန်အား" ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြပြီး ဦးဆောင် ဆွေးနွေးသူ ဦးအောင်ကျော်ထွန်းက စကားဝိုင်းနှင့် ပတ်သက်၍ နိဂုံးချုပ်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်