မြစ်ကြီးနား နိုဝင်ဘာ ၁၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိပြီး တစ်ဖက်တစ်လမ်းမှ မိသားစုစားဝတ် နေရေးအတွက် အပိုဝင်ငွေရရှိစေရန် ရည်ရွယ်၍ ဒုတိယအကြိမ် အဆင့်မြင့် စက်ချုပ်သင်တန်း (အခမဲ့)ကို နိုဝင်ဘာ ၁၀ ရက်နေ့ နံက်ပိုင်းက စတင်ဖွင့်လှစ်သည်။
သင်တန်းတွင် မြစ်ကြီးနားမြို့အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ သင်တန်းနည်းပြ ဆရာမ(၂)ဦးဖြင့် ရင်စေ့ရင်ဖုံးချုပ်နည်း၊ ဘေးဇစ် နောက်ဇစ်တပ်နည်း၊ လေးလွှာစကပ် ချိတ်ထမီချုပ်နည်း၊ လူကြီးဝတ်သင်္ဘောသားအင်္ကျီချုပ်နည်း၊ လူကြီးဝတ်သားရေကြိုးတပ် ဘောင်းဘီအရှည်ချုပ်နည်း၊ ဟာဝေယံရှပ်အင်္ကျီချုပ်နည်း၊ မိန်းမဝတ် စတစ်ကော်လံ၊ ဂျပန်လည်ထောင်၊ ဖြတ်စက်အင်္ကျီ၊ ဂါဝန်နှင့် ပခုံးလျှောချုပ်နည်းများကို နိုဝင်ဘာလ (၁၀) ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ (၁) လအကြာ စာတွေ့လက်တွေ့သင်ကြား ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ အဆင့်မြင့် စက်ချုပ်သင်တန်းတွင် စက်ချုပ်နည်းပညာစိတ်ဝင်စားသည့် ဒေသခံ တိုင်းရင်းသူ (၂၀) ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကို မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတို့ ပူးပေါင်း ဖွင့်လှစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)