မံစီ နိုဝင်ဘာ ၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းမိသားစုနှင့် ပုညဂဝေသီ ကထိန်အလှူတော်အဖွဲ့၏ (နဝမ) အကြိမ်မြောက် စုပေါင်းဘုံကထိန်အလှူတော် မင်္ဂလာပွဲကို ယနေ့နံနက် ၉ နာရီက မောရဝတီရပ်ကွက်၊ မြို့မကျောင်းတိုက်၌ စုပေါင်းဘုံကထိန် အလှူတော် မင်္ဂလာပွဲ ကျင်းပခဲ့ကြသည်။
စုပေါင်းဘုံကထိန်အလှူတော်မင်္ဂလာပွဲတွင် ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို သံဃာတော် အရှင်သူမြတ်တို့အား ဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ တရားနာယူခြင်း၊ သံဃာတော်အရှင်သူမြတ်တို့အား သိမ်ဆင်းဆွမ်း လောင်းလှူခြင်းနှင့် နေ့ဆွမ်းဆက်ကပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
စုပေါင်းကထိန်အလှူတော်ကို မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အလှူရှင်များ ပူးပေါင်းကာ နှစ်စဉ်ကျင်းပလျက်ရှိပြီး မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ တစ်နှစ်လျှင် တစ်ကျောင်းဖြင့် နှစ်စဉ်ဘုန်းတော်ကြီးကျောင်းများကို အလှည့်ကျ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယခုနှစ် (နဝမ) အကြိမ်မြောက်တွင် အလှည့်ကျသည့် မောရဝတီရပ်ကွက်၊ မြို့မကျောင်းတိုက်သို့ စုစုပေါင်း ငွေကျပ် (၁၅,၇၆၃,၄၀၀)ကျပ်ကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)