ဗန်းမော် နိုဝင်ဘာ ၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ(ဝက်ကုန်း) ခန်းမ၌ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာပညာပေး ဟောပြောပွဲကို နိုဝင်ဘာ ၇ ရက် နံနက် ၁၀ နာရီ ခန့်ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက "လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေး" ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူများသည် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့်ဘောဂဗလစသည့် ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ငယ်ရွယ်စဉ်ကတည်းက လေ့ကျင့်ပျိုးထောင်လာရမည်ဖြစ်ကြောင်းနှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေနိုင်မည့် စာကောင်းပေမွန် များကိုဖတ်ရှုလေ့လာကြ ရမည်ဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်ဆေးဝါးကိုအသုံးမပြုဘဲ လုံး၀ ရှောင်ကျဉ်စေရေး အတွက်ဆိုးကျိုးများနှင့် လူကုန်ကူးမှုဆိုင်ရာတို့ကို အသိပညာပေးဟောပြောခဲ့ပြီး ဗန်းမော်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှောင်းနှောင်းဝင်းက "စားသုံးသူ ကာကွယ်ရေးအကြောင်း သိကောင်းစရာ" ခေါင်းစဉ်ဖြင့် လည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။ အသိပညာပေး ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင် များနှင့် နံရံကပ်စာစောင်များကို ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သား ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်