ပူတာအိုခရိုင်၌ ၂၀၂၃-ခုနှစ် မိုးစပါးများ ရိတ်သိမ်းနေကြပြီဖြစ်

ပူတာအို နိုဝင်ဘာ ၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ၂၀၂၃-ခုနှစ် မိုးရာသီတွင် စိုက်ပျိုးခဲ့သည့် မိုးစပါးသီးနှံများကို ယခုလရက်ပိုင်းမှ စတင်ပြီး ရိတ်သိမ်းနေကြပြီဖြစ်ကြောင်း သိရသည်။

ပူတာအိုခရိုင်တွင် မိုးစပါးများကို ဇွန်နှင့် ဇူလိုင်လများတွင် အများအားဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလကုန်ပိုင်းနှင့် နိုဝင်ဘာလဆန်းပိုင်းတွင် ရိတ်သိမ်းနေကြခြင်းဖြစ်သည်။    မိုးစပါးရိတ် သိမ်းရာတွင် ယခင်က တံစဉ်များ အသုံးပြုကာ လူအားဖြင့်သာ ရိတ်သိမ်းခဲ့ကြပြီး ယခုအခါ လူအားဖြင့် ရိတ်သိမ်းခြင်းအပြင် ခေတ်မီစက်ကိရိယာများ အသုံးပြုကာ ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ရိတ်သိမ်းလာကြသဖြင့် အချိန်တိုအတွင်း ပြီးစီးသဖြင့် အချိန်ကုန် သက်သာလာကြောင်း သိရသည်။

ပူတာအိုခရိုင်တွင် အဓိကအားဖြင့် စိုက်ပျိုးသည့် စပါးမျိုးများမှာ ခေါမယို၊ ဆွမ်ဘန်းမန်၊ အမ်စီ၊ အင်တန့်မန်နှင့် ဧည့်မထ စပါးမျိုးဖြစ်သည့် ခေါလုံး၊ ခေါမယိုတို့ကို အများအားဖြင့် စိုက်ပျိုးခဲ့ကြပြီး ယခုအခါ တစ်ဧကအထွက်နှုန်းတိုးတက်၍ ဒေသဝမ်းစာဖူလုံရေးအတွက် အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်ဖြစ်သည့် ဆင်းဧကရီ-၃၊ ငွေတိုးနှင့် ဆင်းရွှေဝါ စပါးမျိုးများကို        အဓိကထား စိုက်ပျိုးလာရာ ၂၀၁၃-ခုနှစ် မိုးစပါးကို ပူတာအိုခရိုင်တွင် (၃၇၂၈၈)ဧက စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)