ဆဒုံး နိုဝင်ဘာ ၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင် ဒေသနေပြည်သူများ၊ ကျောင်းသား/ ကျောင်းသူ များ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ပျက်သုဉ်းစေနိုင်သည့် မူးယစ်ဆေးဝါး၏ အန္တရာယ် ကြီးမားပုံကို မျိုးဆက်သစ်လူငယ်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဆဒုံးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဉီးစီးမှူး ဒေါ်ခင်မာဝင်းက လူငယ်လူရွယ်များ၊ ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါး သုံးစွဲရသည့် အကြောင်းရင်း၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ ယနေ့ကမ္ဘာတွင် လူသားအားလုံးကို ခြိမ်းခြောက်လျက်ရှိသည့် အကြီးမားဆုံး အန္တရာယ်သည် မူးယစ်ဆေးဝါး အန္တရာယ် ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးဆိုသည်မှာ လူ၏ဦးနှောက်နှင့် အာရုံကြောကို ထိခိုက်ထုံထိုင်းစေပြီး မူးယစ်ဆေးဝါး သုံးစွဲခြင်း ကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ရုပ်ပိုင်း ဆိုင်ရာ/စိတ်ပိုင်းဆိုင်ရာ စသည့် နောက်ဆက်တွဲ ကိစ္စရပ်များစွာတွင် ဆိုးကျိုး များဖြစ်ပေါ်တတ်ကြောင်း စသည့်အသိပညာပေး အကြောင်းအရာများ ဟောပြောခဲ့သည်။
ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး အကြောင်းအရာများကို အကျယ်တဝင့် သိရှိစေရေးအတွက် မူးယစ်ဆေးဝါးနှင့် ပတ်သက်သော စာအုပ်စာစောင်များ ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြ ကြောင်း သိရသည်၊၊
ခင်မာဝင်း(ဆဒုံး)