တနိုင်းမြို့ အခြေခံပညာမူလတန်းလွန်- ပုန်ခုန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

တနိုင်း နိုဝင်ဘာ ၃

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးခြင်းနှင့် ကလေးသူငယ်များ အတွက် သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီခွဲက အခြေခံပညာ မူလတန်းလွန်- ပုန်ခုန်းကျောင်း တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဦးက "စာဖတ်ခြင်း၏ အကျိုး ကျေးဇူး" ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပြီး မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်ဝင်းက ကလေးသူငယ်များ အတွက် သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး ဟောပြောရာတွင် ကလေးသူငယ် များအတွက် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး မဖြစ်ပွားမီ ကြိုတင် ဆောင်ရွက်ရမည့်အချက်များ၊ ပြုမူနေထိုင်သင့်သည်များ၊ မီးသတ်ဆေးဘူး အသုံးပြုပုံများ၊ မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်အကြောင်း၊ မီးဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များ အသိပညာပေး ဟောပြောပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲနှင့်အတူ အသိပညာပေး နံရံကပ်စာစောင်များ၊ သုတရသစာအုပ် စာစောင်များ ခင်းကျင်းပြသခြင်းများ ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြပြီး မီးသတ်ဦးဌာနမှ သဘာဝဘေးနှင့် ကြုံတွေ့လာ ပါက ဆောင်ရွက်ရသည်များကို  လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မနောမြေ(တနိုင်း)