ဆွမ်ပရာဘွမ်မြို့ အခြေခံပညာအထက်တန်း(မြို့မ)ကျောင်း၌ နယ်လှည့်စာကြည့်တိုက်၊ နယ်လှည့်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ဆွမ်ပရာဘွမ် နိုဝင်ဘာ ၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်း(မြို့မ)ကျောင်းတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ နယ်လှည့်ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက အဆိုပါကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းပြ ဆရာမဒေါ်ဂျာဆိုင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမြင့်က ကလေးလုပ်သားပပျောက် ရေးခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံတွင် ကလေးလုပ်သားပပျောက်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများအကြောင်း၊ ကလေးများကို အလုပ်ခိုင်းစေရန်အတွက် အနိမ့်ဆုံးအသက်အရွယ် သတ်မှတ်ချက်မှာ ၁၄ နှစ်ဖြစ်ကြောင်းနှင့် ကလေးများ၏ ဘဝပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ကြရမည့် အကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်တောင်က အလိမ္မာမဂ္ဂဇင်းအမှတ် (၁၂၂)စာအုပ်မှအလိမ္မာစာမှာရှိ ခေါင်းစဉ်ဖြင့် အသိပညာဗဟုသုတများရရှိလာမည့် စာများများဖတ်ကြရန်၊ ကျောင်းစာသာမက ပြင်ပစာအုပ်စာပေများကို တစ်ရင်းတစ်နှီးရှိစေရန် စသည့်အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့ကြသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား စာကြည့်တိုက်တာဝန်ခံနှင့် ဝန်ထမ်းများက စာအုပ်ပေါင်း(၈၀)အုပ်ကို ရက်သတ္တပတ်တစ်ပတ်လျှင် တစ်ကြိမ်လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးခဲ့ကြပြီး စာကြည့်တိုက် စာအုပ်/စာစောင်များခင်းကျင်းပြသခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး နံရံကပ်နှင့် သဘာဝဘေးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များပြသရာ စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဧပရယ်မိုး(ဆွမ်ပရာဘွမ်)