မချမ်းဘော နိုဝင်ဘာ ၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ပူတာအိုခရိုင်အတွင်း နှစ်စဥ်ကျင်းပလျက်ရှိသော ပူတာအိုခရိုင်လုံးဆိုင်ရာသံဃာ့ပူဇော်ပွဲကို ယနေ့သာသနာတော်နှစ် ၂၅၆၇ ခု၊ ကောဇာသက္ကရာဇ်၁၃၈၅ ခုနှစ်သီတင်းကျွတ်လပြည့်ကျော်၃ရက် ယမန်နေ့တွင် ရှေးဟောင်းသမိုင်းဝင်ကောင်းမှုလုံစေတီ တော်မြတ်ကြီးပရဝုဏ်အတွင်းရှိ တေဇသာလာဓမ္မာရုံ၌ နံနက် ၈ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားပထမပိုင်းအစီအစဥ်တွင် ပူတာအိုခရိုင်အတွင်းရှိ ကျေးရွာများမှ ဗုဒ္ဓဘာသာဝင်များ စုပေါင်းလှူဒါန်းထားသော ကျေးရွာအလိုက်ပဒေသာပင်များဖြင့် ကောင်းမှုလုံစေတီတော်မြတ်ကြီးအား လက်ယာရစ်တစ်ပတ်ပတ်၍ ပူဇော်ကြပြီးနောက် ပဒေသာပင်အလှူလက်ခံရာဌာနတွင် စုပေါင်းပဒေသာပင်များကို ဆက်ကပ်စုဝေးပူဇော်ခဲ့ကြသည်။
ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနားကို တေဇသာလာဓမ္မာရုံအတွင်း၌ ကျင်းပရာ နမောတဿ၃ ကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ပြီး အခမ်းကိုဖွင့်လှစ်ခဲ့ကြပြီး ဆာရ်ခွမ်ဒမ်းဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တတိလောကနှင့် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဟိုခိုဆရာတော်တို့ကို စုပေါင်းကန်တော့ကြပြီး သံဃာ့ပူဇော်ပွဲသို့ ကြွရောက်တော်မူကြကုန်သော ဆရာတော်သံဃာတော်အရှင်သူမြတ်အပေါင်းတို့ကို ဧည့်ပရိတ်သတ်အပေါင်းတို့မှ စုပေါင်းကန်တော့ခဲ့ကြသည်။
ထို့နောက် အပူဇော်ခံဆရာတော်များအား ရေစင်ဖြင့် လက်ဆေးကန်တော့ခြင်းအစီအစဥ်ကိုကျင်းပရာ ဆရာတော်သံဃာတော်ကြီးများရှေ့မှောက်တွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးခေါင်လန်ဒီးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကောင်းမှုလုံဂေါပကအဖွဲ့ဝင်များ ကျေးရွာများမှပန်းဒကာများက ဆရာတော်အရှင်သူမြတ်တို့ကို လက်ဆေးကန်တော့ခဲ့ကြပြီး ဆာရ်ခွမ်ဒမ်းဆရာတော်မှ ရှစ်ပါးသီလတရားတော်ကိုချီးမြှင့်ရာ အတူတကွ ခံယူဆောက်တည်ခဲ့ကြသည်။
ယင်းနောက် ကြွရောက်တော်မူကြကုန်သော ဆရာတော်သံဃာတော်အရှင်သူမြတ်နှင့် သီလရှင်သာမဏေ ၁၀၅ ပါးတို့အား ဝတ္ထုအလှူတော်ငွေ ကျပ်သိန်း(၂၉၅၄၃၀၀၀)ကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အလှူရှင်များက အသီးသီးကပ်လှူပူဇော်ခဲ့ပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်နာယူခဲ့ကြသည်။
ထို့နောက် တောင်တန်းသာသနာပြုဗဟိုကျောင်း(ပူတာအို)ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိဇာရဥာဏဟောကြားတော်မူသော အနုမောဒနာတရားနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးတရားကို အတူတကွနာယူခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါသံဃာ့ပူဇော်ပွဲကို မချမ်းဘောမြို့၊ ခန်ကျို၊ မန်ခွတ်၊ ကောင်းမှုလုံကျေးရွာများမှ ဗုဒ္ဓဘာသာဝင်များက စုပေါင်းကျင်းပပြုလုပ်ခြင်းဖြစ်ပြီး သံဃာ့ပူဇော်ပွဲသို့ ရပ်နီးရပ်ဝေးမှ ဧည့်ပရိတ်သတ်ပေါင်း ၂၀၀၀ ကျော်တက်ရောက်ကာ ထမင်းစတုဒီသာကျွေးမွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ယောရွှေနီ (မချမ်းဘော)