ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်း-မြစ်ကြီးနား-မိုးကောင်း ရထားခရီးစဉ် ပြန်လည်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေး၊ ရထားခရီးစဉ်တွင် လိုက်ပါစီးနင်း၍ ဘူတာစဉ်တစ်လျှောက် ကြိုဆိုနှုတ်ဆက်ကြသည့် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှု

မြစ်ကြီးနား နိုဝင်ဘာ ၁

မြန်မာပြည်အလယ်ပိုင်းနှင့် မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်တို့အတွက် ပြည်တွင်း ကုန်စည်ပို့ဆောင်ရေးနှင့် ခရီးသွားရေးလုပ်ငန်းတွင် အဓိကအားထားရသော မီးရထားပြေးဆွဲခြင်းကို (၂)နှစ်ကျော်ကြာ ရပ်နားထားခဲ့ပြီး ယမန်နေ့နံနက် ၈ နာရီက မြစ်ကြီးနား - မန္တလေးလမ်းပိုင်းရှိ မိုးကောင်း - မြစ်ကြီးနား - မိုးကောင်း ရထားခရီးစဉ် ပြန်လည်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို မြစ်ကြီးနားဘူတာရုံ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ရထားခရီးစဉ် ပြန်လည်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြန်မာ့မီးရထားလုပ်ငန်းသည် ကချင်ပြည်နယ်အတွက် ကုန်စည်ပို့ဆောင်ရေးနှင့် ပြည်သူများ ခရီးသွားလာရေးအတွက် ကုန်ကျစရိတ်သက်သာ၍ လွယ်ကူမြန်ဆန်သည့် လုပ်ငန်းတစ်ခု ဖြစ်သည့်အတွက် အလွန်အရေးပါသည့် အခန်းကဏ္ဍဖြစ်ပါကြောင်း၊ မြန်မာ့မီးရထားသည် ကုန်ကျစရိတ်သက်သာပြီး ခရီးသည်အများအပြားကို သက်သက်သာသာဖြင့် လိုရာခရီးကို ပို့ဆောင်ပေးနိုင်သကဲ့သို့ ကုန်စည်အမြောက်အများကိုလည်း ရထားလမ်းကွန်ယက်ရှိရာ ဒေသအသီးသီးသို့ ပို့ဆောင်ပေးနိုင်ပါကြောင်း၊ ရထားပို့ဆောင်ရေးလုပ်ငန်းသည် အခြေခံလူတန်းစားများ အားထားရသည့် အရေးကြီးဆုံးအခန်းကဏ္ဍဖြစ်သဖြင့် ကချင်ပြည်နယ်အတွက် အရေးပါသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ရထားပြေးဆွဲခြင်းအားဖြင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် လွယ်ကူချောမွေ့စေသည့်အပြင် ပြည်သူလူထု၏ လူမှုစီးပွားဘဝကိုလည်း ပိုမိုတိုးတက်မြင့်မားစေ ခြင်း၊ သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ် လျော့ချစေမည်ဖြစ်ပြီး ကုန်ဈေးနှုန်းကိုလည်း လျော့ကျစေရေး အထောက်အကူ ဖြစ်စေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရထားပြန်လည်ပြေးဆွဲရေးအတွက် မြန်မာ့မီးရထားဝန်ထမ်းများ အားလုံးကို ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ (အထက်မြန်မာပြည်အုပ်ချုပ်ရေး) ဦးစိုင်းသော်လင်းက မြန်မာ့မီးရထား၏ အထက်မြန်မာပြည် ရထားလမ်းပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ရထားခရီးစဉ် ပြေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ရထားခရီးစဉ်ပြေးဆွဲနိုင်ရေး ဒေါက်တာဖာသာယုံဝါနှင့် သိက္ခာတော်ရဆရာ မဒိန်ဇုန်းကျန်းတို့က ဆုတောင်းဆက်ကပ်ကောင်းချီး ပေးခဲ့ကြသည်။

ဆက်လက်၍ မိုးကောင်း - မြစ်ကြီးနား - မိုးကောင်း ရထားခရီးစဉ်ပြေးဆွဲသွားမည့် ရထားစက်ခေါင်းအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ မြန်မာ့မီးရထား အထွေထွေမန်နေဂျာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တာဝန်ရှိသူများနှင့်အတူ ရထားစက်ခေါင်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားအတွက် ပါဝင်ကူညီခဲ့ကြသော တိုင်းရင်းသားယဉ်ကျေးမှုအသင်းအဖွဲ့များ၊ ဘင်ခရာ၊ ပန်းပွားအဖွဲ့များအတွက် ထောက်ပံ့ငွေများကိုလည်းကောင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာ့မီးရထား တာဝန်ရှိသူများအတွက် လက်ဆောင်ပစ္စည်းများကို လည်းကောင်း ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် မိုးကောင်း-မြစ်ကြီးနား-မိုးကောင်း ရထားခရီးစဉ်ကို စတင်ပြေးဆွဲရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ပြည်နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံများနှင့်အတူ ပျော်ရွှင်စွာ စီးနင်းလိုက်ပါခဲ့ကြပြီး ရထားခရီးစဉ်လိုက်ပါစီးနင်းသူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရထားစတင်ပြန် လည်ပြေးဆွဲခြင်းအတွက် လက်ဆောင်များနှင့် စားသောက်ဖွယ်ရာများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ် ဆက်ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လိုက်ပါလာသည့် ရထားခရီးစဉ်အတွင်း နန်းကွေ့ဘူတာ၌ လည်းကောင်း၊ ပြည်ထောင်ဘူတာ၌ လည်းကောင်း၊ မလိခဘူတာ၌ လည်းကောင်း၊ မရမ်းဘူတာ၌ လည်းကောင်း၊ နမ္မတီးဘူတာ၌လည်းကောင်း ဒေသခံပြည်သူများ၊ ကျောင်းသား/သူ များက ရိုးရာအတီးအမှုတ်များနှင့်  မီးရထားပြန်လည်ပြေးဆွဲခြင်းအတွက် သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘူတာစဉ်တစ်လျှောက် ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးပြီး အမှတ်တရလက်ဆောင်များနှင့် ထောက်ပံ့ငွေများကို ချီးမြှင့်ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မိုးကောင်းဘူတာသို့ ရောက်ရှိပြီး မိုးကောင်းဘူတာရုံ၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများက ဘင်ခရာအဖွဲ့များဖြင့် သောင်းသောင်းဖြဖြကြိုဆိုကြရာ ပြည်နယ်ဝန်ကြီးချုပ်က မီးရထားခရီးစဉ် ပြန်လည်ပြေးဆွဲခြင်းနှင့် စပ်လျဉ်း၍ ယနေ့ မိုးကောင်း-မြစ်ကြီးနား ရထားခရီးစဉ်မှသည် မြစ်ကြီးနား-မိုးညှင်းအထိ တစ်ဆင့်ပြီးတစ်ဆင့် အဆင်ပြေချောမွေ့စွာ ပြေးဆွဲနိုင်ရေး အများပြည်သူ ဝိုင်းဝန်းပူးပေါင်းပါဝင်ကြရေး တိုက်တွန်းမှာကြားပြီး မြန်မာ့မီးရထားဖြင့် မြစ်ကြီးနားမြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။

အဆိုပါ မိုးကောင်း-မြစ်ကြီးနား-မိုးကောင်း ခရီးစဉ်လမ်းပိုင်းသည် (၃၆.၇၅)မိုင်ရှိပြီး လမ်းပိုင်းအတွင်း ဘူတာ(၇)ဘူတာ၊ ရပ်နားစခန်း (၁)ခုပါဝင်ကြောင်းနှင့် ရထားပြေးဆွဲမှုအနေဖြင့် နေ့စဉ် မိုးကောင်းဘူတာမှ နံနက် (၇)နာရီမှ စတင်ထွက်ခွာ၍ မြစ်ကြီးနားဘူတာသို့ (၉)နာရီ ၃၀ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ပြီး မြစ်ကြီးနားဘူတာမှ ညနေ ၁၄ နာရီတွင် ပြန်လည်ထွက်ခွာ၍ မိုးကောင်း ဘူတာသို့ ၁၆ နာရီခွဲတွင် ပြန်လည်ဆိုက်ရောက်မည်ဖြစ်ကြောင်းသိရှိရကာ အဆိုပါခရီးစဉ်လိုက်ပါ စီးနင်းမည့် ခရီးသည်များအတွက် (၁)လတိတိ အခမဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

ပြည်နယ်ပြန်/ဆက်