မြစ်ကြီးနား နိုဝင်ဘာ ၂
ကချင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအချင်းချင်း ချစ်ကြည်စည်းလုံးမှုရှိစေရန်နှင့် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနအချင်းချင်း ပိုမိုချိတ်ဆက် ဆောင်ရွက်နိုင်စေရန် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပခဲ့သော ၂၀၂၃ ခုနှစ်၊ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၃၁ ရက် ညနေ ၂ နာရီခွဲက ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ပြည်နယ်အစိုးရအဖွဲ့ဘောလုံးအသင်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဌာန ဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဘောလုံးအသင်းက ပယ်နယ်သီ အဆုံးအဖြတ်ဖြင့် အနိုင်ရဗိုလ်ဆွဲသည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဘောလုံးပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီခဲ့ကြသော အသင်းအဖွဲ့များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်က နေရာအလိုက် တစ်ဦးချင်း အကောင်းဆုံးဆုများကို လည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ်၏ဇနီးကတတိယဆုရလူမှုရေးဝန်ကြီးဌာနဘောလုံးအသင်းအားလည်းကောင်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်က ဒုတိယဆုရ ပြည်နယ်အစိုးရအဖွဲ့ဘောလုံးအသင်းတို့အတွက် လည်ကောင်း တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်၊ ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဘောလုံးအသင်းအတွက် တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်၊ တံခွန်စိုက် ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်