ကချင်ပြည်နယ်ဝန်ကြီးချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အရာထမ်း/ အမှုထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲနှင့် စာတတ်မြောက်ရေးလုပ်ငန်းစီမံချက်ရှင်းလင်းပွဲသို့ တက်ရောက်

မြစ်ကြီးနား အောက်တိုဘာ ၃၁

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကချင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးအတွက် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ပြည်နယ် အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ထို့သို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်/ခရိုင်/မြို့နယ်ရုံးများမှ အရာထမ်း/ အမှုထမ်းများ၏ စုပေါင်းသွေးလှူဒါန်းမှုကို ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဒေါက်တာတင့်နိုင်၊ မြစ်ကြီးနားပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်၊ သွေးလှူဘဏ် ဌာနမှ ဆရာဝန်၊ သူနာပြုများက သွေးလှူဒါန်းနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးတို့က သွေးလှူဒါန်းကြသည့် အရာထမ်း/အမှုထမ်း ဝန်ထမ်းများနှင့် ဆရာဝန်၊ သူနာပြုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး သွေးလှူရှင်များအတွက် အာဟာရဖြည့်အစားအစာများကို လည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ အခြေခံ ပညာဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စာတတ်မြောက်ရေး လုပ်ငန်းစီမံချက် ရှင်းလင်းခြင်း အခမ်းအနားသို့ တက်ရောက်သည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ခေတ်အဆက်ဆက် နိုင်ငံ‌တော်အစိုးရအနေဖြင့် စာတတ်မြောက်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ စာတတ် မြောက်ရေးလုပ်ငန်း များကို နှစ်ပေါင်း ၅၀ ကျော်ကြာ ဆောင်ရွက်ခဲ့သော်လည်း ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်းအရ အသက်(၁၅) နှစ်နှင့် အထက် သက်ကြီး ၃ ဒသမ ၅ သန်းခန့်မှာ စာမတတ်သူများ ဖြစ်ကြောင်း ဖော်ပြထားသဖြင့် စာတတ်မြောက်ရေးစီမံကိန်းသည် စဉ်ဆက်မပြတ် ရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်သကဲ့သို့ ယခုနှစ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စာတတ်မြောက်ရေး လုပ်ငန်းများကို မြစ်ကြီးနားမြို့ပေါ်တွင် စာသင်သား ၁၀၀၀ ဦးတို့ကို သင်ကြားပေးသွားမည်ဖြစ်သည့်အတွက် လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများက ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ပြည်နယ်ပညာရေးမှူး ဦးခင်မောင်ထွေးက ၂၀၂၃ ခုနှစ် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများ အလိုက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီများ အဆင့်ဆင့် ဖွဲ့စည်း ဆောင်ရွက်ထား ရှိမှု၊ လုပ်ငန်းတာဝန်များ၊ လုပ်ငန်းအစီအစဉ်နှင့် လုပ်ငန်းစီမံခန့်ခွဲမှုများ၊ ဘဏ္ဍာငွေသုံးစွဲ ဆောင်ရွက် သွားမည့် ကိစ္စရပ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြရာ တက်‌ရောက်လာသူများက လုပ်ငန်းစီမံချက်ပါ လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်း၍ သိလိုသည်များ/ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအပေါ် ဖြည့်စွက်ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က စာတတ်မြောက်ရေးသည် မွန်မြတ်သည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် အချင်းချင်း ချိတ်ဆက်ပူးပေါင်းပြီး စည်းစည်းလုံးလုံးဖြင့်အရှိန်အဟုန် ဖြင့်ဆောင်ရွက်သွားရေး၊ အခြေခံလိုအပ်ချက်များကို ပံ့ပိုးပေးနိုင်ရေးနှင့် စသည့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ ရွှေအိုက်(ရွှေပြည်သာ) ရပ်ကွက်အတွင်း ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဌာနဆိုင်ရာများ၊ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများ စုပေါင်း၍ အများပြည်သူအတွက် ပြင်ပပေါက် ဈေးထက်ပိုမို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသည့် သက်သာချောင်ချိရေး အခွန်လွတ်ဈေး သို့ သွားရောက်၍ ဆန်နှင့် အခြေခံစားသောက်ကုန်များ၊ သား/ ငါးများရောင်းချပေးနေမှု၊ စားသုံးဆီရောင်းချပေးနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး  ရဲတပ်ဖွဲ့ဝင် များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ဝင်များအတွက် ဈေးဝယ်လာရောက်သည့် ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးကာ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အလားတူ သီတင်းကျွတ်လပြည့်ကျော် (၁)ရက် အောက်တိုဘာ ၃၀ ရက် ညပိုင်းတွင်  ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက် အတွင်းရှိ စိမ်းမြဧရာပန်းခြံသို့ သွားရောက်ပြီး သီတင်းကျွတ်ရုံးပိတ်ရက် ဝန်ထမ်း မိသားစုများနှင့် ဒေသခံပြည်သူများ လာရောက်လည်ပတ် အပန်းဖြေသူများ၊ ပန်းခြံအတွင်းရှိ ကလေးကစားကွင်း များတွင် ပျော်ရွှင်စွာ လာရောက်ဆော့ကစားသူများဖြင့် စည်ကားနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မင်းရပ်ရပ်ကွက်ပြည်သူ့ရင်ပြင်၌ သီတင်းကျွတ်မီးထွန်း ပွဲတော်အဖြစ်ရောင်စုံ အလှမီးထွန်း ထားရှိမှုများနှင့် ဒေသခံအဆိုတော်များ၏ တေးသီချင်းဖျော်ဖြေမှုများ၊ လာရောက်လည်ပတ် အပန်း ဖြေသူများဖြင့် အထူးစည်ကားလျက်ရှိရာ ဌာနဆိုင်ရာအဖွဲ့ အစည်းများနှင့်အတူ စတုဒိသာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပြီး ပြည်သူများ ပျော်ရွှင်စွာ ဆင်နွဲနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ပြည်နယ်ပြန်/ဆက်