မြစ်ကြီးနားမြို့၌ ၂၀၂၃ ခုနှစ်၊ သီတင်းကျွတ်အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြစ်ကြီးနား အောက်တိုဘာ ၃၁

၂၀၂၃ ခုနှစ်၊ သီတင်းကျွတ်အထိမ်းအမှတ် ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပ သည့် အခြေခံပညာကျောင်းပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ရှိ ငြိမ်းချမ်း သာယာ ဖူဆယ်အားကစားရုံ၌ ကျင်းပသည်။

အခြေခံပညာကျောင်းပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းအသင်းနှင့် မြတ်ပါရမီ ကိုယ်ပိုင်အထက်တန်းကျောင်း အသင်းတို့က ယှဉ်ပြိုင်ကစားကြရာ လေးဂိုး တစ်ဂိုးဖြင့် အ-ထ-က (၁) မြစ်ကြီးနားအသင်းမှ အနိုင် ရရှိခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပရာ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှူး ဦးလှဌေးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အဆိုပါပြိုင်ပွဲ ဖြစ်မြောက်ရေး အတွက် ဝိုင်းဝန်းကူညီ‌ပေးခဲ့ကြသည့် အဖွဲ့အစည်းအသီးသီးနှင့် ဒိုင်အဖွဲ့ဝင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး နေရာအလိုက် အကောင်းဆုံးဆုများ ရရှိသည့် အားကစားသမားများကို ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး ပထမဆုရရှိသော မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းအသင်းအား မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက တစ်ဦးချင်း လည်ဆွဲ၊ ဂုဏ်ပြုဆုငွေနှင့် တံခွန်စိုက်ဒိုင်းကို လည်းကောင်း၊ ဒုတိယဆုရရှိသည့် မြတ်ပါရမီ ကိုယ်ပိုင်အထက်တန်းကျောင်းအသင်းအား ပြည်နယ်ပညာရေးမှူး ဦးခင်မောင်ထွေးက တစ်ဦး ချင်းလည်ဆွဲနှင့် ငွေသားဆုများကိုလည်းကောင်း၊ တတိယဆုရရှိသော ဝိုင်းမော်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအသင်းအား မြစ်ကြီးနားခရိုင်ပညာရေးမှူးက တစ်ဦးချင်း လည်ဆွဲနှင့် ငွေသားဆုများကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။ အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၁၆) သင်းဖြင့် အောက်တိုဘာလ ၂၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)