မြစ်ကြီးနား အောက်တိုဘာ ၃၁
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီပုထိုးများတွင် လာရောက်ကုသိုလ်ကောင်းမှုပြုသူများ၊ မြို့တွင်း ပန်းခြံများနှင့် အပန်းဖြေနေရာများတွင်လည်း စည်ကားလျက်ရှိရာ အောက်တိုဘာ ၂၉ ရက်နေ့ ညပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် လှည့်လည်ကြည့်ရှုအားပေးခဲ့ ကြပြီး ကုသိုလ်ကောင်းမှုပြုခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် လောကမာန်အောင် ဆုတောင်း ပြည့်စေတီတော်ကြီးသို့ သွားရောက်ပြီး စေတီတော်ကြီး နှင့် လျောင်းတော်မူ၊ ရပ်တော်မူဘုရားတို့တွင် ကုသိုလ်ကောင်းမှုပြုသူများ၊ ပန်း၊ ဆီမီး၊ ရေချမ်းကပ် လှူပူဇော်နေကြသည့် ကုသိုလ်ကောင်းမှုပြုသူများနှင့် ဈေးဆိုင်ခန်းငယ်များတွင် မြန်မာ့ရိုးရာ အစားအစာရောင်းချမှုများကို ဝယ်ယူစားသောက်သူများဖြင့် အထူးစည်ကားလျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လာရောက်ကုသိုလ် ကောင်းမှုပြုသူများနှင့် လည်ပတ်သူများအား လောကမာန်အောင်ဆုတောင်းပြည့်စေတီတော်ရင်ပြင်တွင် စတုဒိသာဧည့်ခံကျွေးမွေးခြင်းဖြင့် ကုသိုလ်ကောင်းမှုပြုခဲ့ကြသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် အံတော်ရှင်စေတီတော်၌ ၁၃၈၅ ခုနှစ် သီတင်းကျွတ်လပြည် (အဘိဓမ္မာအခါ တော်နေ့) အဖြစ် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ စေတီတော်ရင်ပြင်တွင် ဆီမီးတစ်ထောင် ထွန်းညှိပူဇော် ပွဲနှင့် ကုသိုလ်ကောင်းမှုပြုသူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စတုဒိသာဖြင့် ကုသိုလ်ပြုကျွေးမွေးဧည့်ခံမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည်နှင့် အဖွဲ့ဝင်များသည် မင်းရပ်ရပ်ကွက်အတွင်းရှိ ပြည်သူ့ရင်ပြင်ရှိ သီတင်းကျွတ်မီးထွန်းပွဲတော်တွင် ရောင်စုံအလှမီးထွန်းထားရှိမှုများနှင့် ဒေသခံအဆိုတော်များ၏ တေးသီချင်းဖျော်ဖြေမှုများ၊ လာရောက်လည်ပတ်အပန်းဖြေသူများဖြင့် အထူး စည်ကားလျက်ရှိသဖြင့် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စတုဒိသာမဏ္ဍပ်ငယ်ဖွင့်လှစ်ပြီး ကျွေးမွေးဧည့်ခံမှုကို ဌာနဆိုင်ရာ အဖွဲ့အစည်း များနှင့်အတူ ဧည့်ခံကျွေးမွေးခဲ့ကြပြီး ပြည်သူများ ပျော်ရွှင်စွာဆင်နွှဲနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ၌ မြစ်ကြီးနားမြို့ပေါ်ရှိ အောင်စေရန်အောင်၊ ကျွန်းပင်သာဘုန်းတော်ကြီးကျောင်း၊ ခေမာသီရိ ရပ်ကွက်အတွင်းရှိ ရွှေတီဂုံပုံတူစေတီတော်တို့တွင် ကုသိုလ်ကောင်းမှုပြုသူများ များပြားလျက်ရှိသည့်အပြင် မြစ်ကြီးနားမြို့ပေါ်ရှိ စိမ်းမြဧရာ ပန်းခြံတို့တွင် မိသားစုလိုက် လာရောက်လည်ပတ်အပန်းဖြေသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်းနှင့် နေ့ခင်းပိုင်းတွင်လည်း မြစ်ကြီးနား မြို့နှင့် မိုင် ၂၀ ခန့်ကွာဝေးသည့် အောင်မြင်သာကျေးရွာရှိ အပန်းဖြေစခန်း၌ ရေကစားသူများ၊ အပန်းဖြေလည်ပတ်သူများဖြင့် စည်ကားလျက်ရှိ ကြောင်း သိရသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ ဧရာရပ်ကွက် အတွင်းရှိ ယဉ်ကျေးမှုပြတိုက်ဝင်းအတွင်း ယခင် ပြတိုက် အဆောက်အအုံဘေး၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ရန်ပုံငွေကျပ် (၉၄၄ ဒဿမ ၈၈၀) ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၈)မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ပြတိုက်တိုးချဲ့ အဆောက်အဦသစ် (၆၀ ပေ × ၁၂၀ ပေ × ၃၂ ပေ) တည်ဆောက်ရေးလုပ်ငန်းစီမံကိန်းသို့ သွားရောက်ပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရေး မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မန်ခိန်ရပ်ကွက်အတွင်းရှိ ဗလမင်းထင် ဧက ၁၀၀ တင်း ၁၀၀ မိုးစပါးစံပြစိုက်ခင်းနှင့် တပ်ကုန်းကွင်းဘက်ရှိ မိုးစပါးစိုက်ခင်းများအတွင်း ဖြတ်သန်းစီးဆင်းသည့် ပင်မမြောင်းမကြီး (အင်ဂျန်းခချောင်း) ဝဲ/ ယာ၌ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် (၆)ပေအကျယ် ကွန်ကရစ်လျှောက်လမ်း ပေ (၂၈၀၀) တည်ဆောက်ပြီးစီးမှု၊ စက္ကူ ပန်းခြံငယ်ပုံဖော်ထားရှိမှုနှင့် ပေါင်းကူးတံတားတည်ဆောက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဝန်ကြီးဌာများမှ အရာထမ်း/ အမှုထမ်းများ၊ ဘောလုံး ဝါသနာရှင်များနှင့်အတူ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ် လျက်ရှိသော ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ဝန်ကြီးချုပ်ဖလား၊ ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ပြည်နယ်အစိုးရအဖွဲ့ဘောလုံးအသင်းနှင့် လူမှုရေးရာဝန်ကြီးဌာနအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်