နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်၏ စီးပွားရေးဦးတည်ချက်တွင် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး”ဟူသည့် အချက်ပါဝင်ပါသည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတက်ရန်အတွက် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ၏ ကုန်ထုတ်လုပ်ခြင်းများ တိုးတက်အောင် အားပေးဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ အားပေးဆောင်ရွက်မှုဖြင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကိုအခြေခံ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဒေသအသီးသီးတွင် ကဏ္ဍအလိုက်ဆောင်ရွက်လျက်ရှိရာ မြစ်ကြီးနားမြို့ရှိ “စူပါဝမ်း” နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းသည်လည်း အထိုက်အလျောက်အောင်မြင်လျက်ရှိသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ အဆိုပါလုပ်ငန်းကို မိသားစု စားဝတ်နေရေးအတွက် တစ်ပိုင်တစ်နိုင် နွားမွေးမြူရေးကို စတင်လုပ်ကိုင်ခဲ့ရာမှ တိုးချဲ့လုပ်ကိုင်နိုင်ခဲ့သည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ယင်းလုပ်ငန်းတွင် နွားနို့အစိမ်းမှတစ်ဆင့် အသင့်သောက် သုံးရန် နွားနို့၊ မလိုင်၊ နို့ချဉ်(ဒိန်ချဉ်)နှင့် ထောပတ်ပြုလုပ်ခြင်း၊ နို့ဆီချက်လုပ်ခြင်းစသည့် လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။
“စူပါဝမ်း” မှ နွားမွေးမြူခြင်းလုပ်ငန်းကို ၂၀၁၃ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ပြီး မေထုန်မဲ့သားစပ်နည်းဖြင့် ပေါက်ဖွားလာသောနွားများ၊ စစ်ကိုင်းနှင့်မန္တလေးမြို့များမှ နွားမျိုးကောင်းမျိုးသန့်များ ဝယ်ယူဆောင်ရွက်ခဲ့ကြောင်း၊ မျိုးကောင်းမျိုးသန့်နွားများတိုးပွားရေးအတွက် မေထုန်မဲ့သားစပ်ခြင်းလုပ်ငန်းကို ကချင်ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း လုပ်ငန်းရှင်ဦးစိုးငြိမ်းက ရှင်းပြသည်။
လက်ရှိအနေဖြင့် နွားများကို တိုးချဲ့မွေးမြူလျက်ရှိပြီး နို့စားနွားမတစ်ကောင်၏ နို့ထွက်နှုန်းမှာ သုံးပိဿာမှ ၁၃ ပိဿာအထိ ရရှိနိုင်ကြောင်း သိရသည်။ နံနက်တစ်ကြိမ် ညနေတစ်ကြိမ် နွားနို့ညှစ်၍ နို့ရရှိပြီး၊ နွားမတစ်ကောင်အနေဖြင့် သက်တမ်းပြည့်(၁၈)လမှ သားစပ်နိုင်သည့် (၃)နှစ်တွင် နွားများပေါက်ပွားပြီးသည်နှင့် နွားနို့စတင်ထုတ်လုပ်၍ရကြောင်း သိရသည်။ မျိုးမြင့်နို့စားနွားမွေးမြူရေးလုပ်ငန်းဖြစ်၍ ရာသီဥတု၊ ရောဂါဒဏ်စသည်တို့ကို ခံနိုင်ရည်ရှိအောင်ဆောင်ရွက်ပြီး အစာအာဟာရအနေဖြင့် ဖွဲနု၊ ဆန်ကွဲ၊ ပြောင်း၊ ကောက်ရိုး၊ မြက်စသည်တို့အပြင် ပဲဖတ်၊ နှမ်းဖတ်၊ ကုလားပဲ(အဖြုန်း)တို့ကို စနစ်တကျကျွေး၍ မွေးမြူလျက်ရှိကြောင်း ပိုင်ရှင်ကဆက်လက်ရှင်းပြသည်။ ထို့အပြင် နေဗီယာမြက်၊ ပြောင်းအစရှိသည်များကို မြေဧက(၁)ဧကတွင် စိုက်ပျိုးထားရာ နွေ၊ မိုး၊ ဆောင်းရာသီမရွေး ကျွေးနိုင်အောင် အစာစိမ်းကို ထုတ်လုပ်လျက်ရှိကြောင်းလည်း သိရသည်။
စူပါဝမ်းအနေဖြင့် မြစ်ကြီးနားမြို့တွင် နို့စားနွားနှင့် အသားစားနွားပါ နွားကောင်ရေ ၁၀၀ ကောင်နီးပါး မွေးမြူနိုင်ပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ နို့စားနွားများမှ နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရာတွင် မိမိခြံမှ ထွက်ရှိသော နွားနို့များကိုသာ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း၊ ထိုသို့ ထုတ်လုပ်လျက်ရှိရာ တစ်ရက်ပျမ်းမျှ နွားကောင်ရေ(၃၀)ကောင်မှ နွားနို့ပိဿာ(၁၀၀)ခန့်ရရှိပြီး နို့ထွက်ပစ္စည်းများအား ထုတ်လုပ်ရောင်းချခြင်းဖြစ်ကြောင်းလည်း သိရသည်။
ယခုလက်ရှိတွင် စူပါဝမ်း နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်းရောင်းဝယ်ရေးမှ ထုတ်လုပ်သော နို့နှင့်နို့ထွက်ပစ္စည်းများမှာ နို့၊ နို့ဆီ၊ ဒိန်ချဉ်၊ နို့ခဲ၊ အစရှိသည်တို့ ထုတ်လုပ်ရောင်းချလျက်ရှိသည်။ ဒိန်ချဉ်တစ်ဘူးလျှင် ထုတ်လုပ်မှုကုန်ကျစရိတ် ငွေကျပ် ၈၅၀ ခန့် ကုန်ကျပြီး ပြန်လည်ရောင်းချသူများသို့ ငွေကျပ် ၉၀၀ နှုန်းဖြင့်ရောင်းချပေးရာ တစ်ဘူးလျှင် အမြတ်ငွေကျပ် (၅၀)ကျပ်ခန့်သာရရှိသော်လည်း မိမိခြံမှထွက်ရှိသောနို့ကို ထပ်ဆင့်ထုတ်ကုန်အဖြစ်ပြုလုပ် ရောင်းချခြင်းဖြစ်သည့်အတွက် အမြတ်အစွန်းအနည်းငယ်သာ ရယူခြင်းဖြစ်ကြောင်းလည်း လုပ်ငန်းလုပ်ကိုင်သူ၏ ပြောပြချက်အရ သိခွင့်ရခဲ့သည်။
ထုတ်လုပ်မှုအနေဖြင့် တစ်ရက်လျှင် နို့ချဉ်ဘူး(၅၀၀)မှ ဘူး(၁၀၀၀)ကျော် ထုတ်လုပ်နိုင်ကြောင်း၊ မိသားစုတစ်ပိုင်တနိုင်လုပ်ငန်းဖြစ်သော်လည်း အခြားပြင်ပအလုပ်သမား(၁၀)ဦးခန့်ကို နေ့စဉ်အလုပ်ပေးနိုင်ကြောင်းလည်း သိရသည်။ အလုပ်သမားများကို တစ်လလျှင် အနိမ့်ဆုံးလစာငွေ ကျပ်(၁၅၀၀၀၀)မှ အမြင့်ဆုံးငွေကျပ်(၃၀၀၀၀၀)အထိ ပေးလျက်ရှိသည်။ ရောင်းချရမှုအနေဖြင့် ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားမြို့မှ အခြားမြို့များသို့ တင်ပို့ရောင်းချလျက်ရှိရာ အထူးသဖြင့် ဖားကန့် ၊ တနိုင်း၊ နန့်ယားအစရှိသည့်မြို့များမှ အများဆုံး ရောင်းချရကြောင်းသိရပါသည်။
နိုင်ငံတော်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ကချင်ပြည်နယ်အတွင်း ထုတ်ချေးပေးရာတွင် စူပါဝမ်းနို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်းရောင်းဝယ်ရေးအသင်းလီမိတက်အနေဖြင့် ချေးငွေကျပ်သိန်း(၅၀၀)ကို ရယူခဲ့ပြီးနောက် လုပ်ငန်းတိုးချဲ့မှုများဆောင်ရွက်ခဲ့ရာ ဒိန်ချဉ်လုပ်ငန်းလုပ်ကိုင်ရာတွင်လိုအပ်သည့် ပါဝင်ပစ္စည်းများကို ဝယ်ယူခြင်း၊ ထောပတ်ထုတ်လုပ်နိုင်သည့်စက်ကို ဝယ်ယူနိုင်ခြင်းနှင့် နို့စာနွားများ၏ အစာများကိုလည်း ဝယ်ယူစုဆောင်းထားနိုင်ခြင်းတို့ကြောင့် လုပ်ငန်းအဆက်မပြတ် ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း သိရသည်။ ၎င်းအပြင် ယခင်က လုပ်ငန်းလည်ပတ်နိုင်ရန်အတွက် နွားကောင်ရေလျှော့၍ ဆောင်ရွက်ရမည့်အခြေအနေမှ ယခုကဲ့သို့ နိုင်ငံတော်မှ ပံ့ပိုးပေးခဲ့သည့်အတွက် လုပ်ငန်းများရေရှည်လည်ပတ်ဆောင်ရွက်နိုင်ရန် ပိုမိုအားဖြည့်ဆောင်ရွက်လာနိုင်သဖြင့် တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်းလည်း လုပ်ငန်းရှင်ကပြောပြသည်။
အဆိုပါ နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းအား ဝါသနာကိုအခြေခံပြီး ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် အခြားနွားမွေးသူများနှင့်ပေါင်းစပ်ကာ နည်းစနစ်များဖြန့်ဝေခြင်း၊ ဖလှယ်ခြင်းများ ဆောင်ရွက်သွားရန် အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြစ်ကြီးနားမြို့တွင် နွားမွေးမြူသူများ စုဖွဲ့ပြီး ဒေသနှင့်ကိုက်ညီသော နို့စားနွားများကို ပိုမိုမွေးမြူ လုပ်ကိုင်ခြင်းဖြင့် တခြားဒေသမှဝယ်ယူရခြင်းအား လျှော့ချနိုင်မည်ဖြစ်သည့်အပြင် မိမိတို့ဒေသအတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူ ပြုစေမည်ဖြစ်ကြောင်း ရှင်းပြချက်အရ သိရသည်။
လူသားတို့၏ ကျန်းမာကြံ့ခိုင်ရေး၊ ဉာဏ်ရည်မြင့်မား တိုးတက်ရေးတို့အတွက် အာဟာရ တန်ဖိုးမြင့်မားသော နို့နှင့် နို့ထွက်ပစ္စည်းများကို ပိုမိုစားသုံးလာကြသဖြင့် နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ခြင်းကဏ္ဍသည်လည်း အရေးပါသည့်အခန်းမှ ပါဝင်လာသည်ကို တွေ့ရှိနိုင်မည်ဖြစ်ပါသည်။ သို့ပါ၍ ခေတ်မီနည်းပညာများဖြင့် အရည်အသွေးကောင်းမွန်ပြီး နို့ထွက်ပစ္စည်းများဖွံ့ဖြိုးတိုးတက်ရေး ထုတ်လုပ်ဆောင်ရွက်နေသည့် မြစ်ကြီးနားမြို့မှ စူပါဝမ်း နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းအား ရေးသားတင်ပြလိုက်ရပါသည်။
ဖြိုးလေး ၊ ငုရွှေဝါ