မိုးကောင်း အောက်တိုဘာ ၂၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် သတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် မြို့ပေါ်နှင့် ကျေးရွာတို့ရှိ ဘုန်းကြီးကျောင်းအသီးသီးတို့၌ ဘုန်းကြီးကျောင်းတက် ဘုရားကန်တော့ ကုသိုလ်ယူသူများ စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဘုန်းကြီးကျောင်းတက် ဘုရားကန်တော့သူများအား ကျောင်းအသီးသီးမှ ကုသိုလ်ရှင်များက စတုဒိသာဖြင့် ဧည့်ခံကျွေးမွေးကြသည်။
သတင်းကျွတ်လပြည့်နေ့သည် မြတ်စွာဘုရားရှင် အဘိဓမ္မာတရားတော်ကို တာဝတိံသာနတ်ပြည်၌ ဝါတွင်းသုံးလပတ် ဟောကြားခြင်းပြီးမြောက်သောနေ့၊ လူပြည်ကို ပြန်ကြွသောနေ့ဖြစ်သည့် အားလျော်စွာ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားရည်မှန်း၍ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ထွန်းညှိပူဇော်သော နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်ရာ ဘုရား၊ စေတီပုထိုးများတွင် ဆီမီးပူဇော်ထွန်းညှိခြင်း၊ မိဘ ဘိုးဘွားနှင့် ဆရာသမားတို့အား လိုက်လံကန်တော့ခြင်းများ ပြုလုပ်ကြသည်။
မိုးကောင်းမြို့၏ သတင်းကျွတ်ပွဲတော်အစဉ်အလာတစ်ခုဖြစ်သည့် လပြည့်နေ့မှ လပြည့်ကျော် (၅)ရက်ထိ မြို့ပေါ်ကျောင်းသို့ ကျေးရွာမှ လာရောက်ကန်တော့ခြင်း၊ ကျေးရွာရှိဘုန်းကြီး ကျောင်းအသီးသီးသို့ သွားရောက်ကန်တော့ခြင်းများ ပြုလုပ်ကြပြီး နောက်ဆုံးရက်ဖြစ်သည့် လပြည့်ကျော် (၅)ရက် တောင်ပေါ်ဘုန်းကြီး ကန်တော့ပွဲနေ့တွင်လည်း မြို့ပေါ်နှင့် တောရွာများမှ ဒေသခံများက မြို့လုံးကျွတ်နီးပါး တစ်နေကုန် တောင်ပေါ်တက်ဘုရားဖူးသည့် အစဉ်အလာများ ရှိကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)