ကချင်ပြည်နယ်ဝန်ကြီးချုပ် သွေးဖောင်ဒေးရှင်း(ကချင်ပြည်နယ်)၏ ရုံးသစ်ဖွင့်ပွဲ၊ သတ္တမ အကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာအပ်နှင်းခြင်းအခမ်းအနားနှင့် မိုးကောင်း- မြစ်ကြီးနား မီးရထားပြေးဆွဲနိုင်ရေး (တတိယ)အကြိမ် ညှိနှိုင်းဆွေးနွေးပွဲများသို့တက်ရောက်

မြစ်ကြီးနား အောက်တိုဘာ ၂၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ခေမာသီရီဘုန်းကြီးကျောင်းဝင်းအတွင်း တည်ဆောက်ပြီးစီးခဲ့သည့် သွေးဖောင်ဒေးရှင်း (ကချင်ပြည်နယ်)၏ ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက အဆိုပါ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ရုံးသစ်အဆောက်အအုံရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ဖွင့်လှစ် ပေးခဲ့ကြသည်။

ရှေးဦးစွာ ရုံးသစ်ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်မြတ်သည့်ရည်ရွယ်ချက်များဖြင့် ကချင်ပြည်နယ်အတွင်း သွေးလိုအပ်သော ဝေဒနာသည်များအတွက် အရေးကြီးသွေးရရှိအောင် ဆောင်ရွက်ပေးသည့်အပြင် အခြားလိုအပ်သော လူမှုရေး၊ ကျန်းမာရေးစသည့် လူမှုကယ်ဆယ်ရေးနှင့် ပရဟိတလုပ်ငန်းများတွင် စိတ်ပါလက်ပါတက်တက်ကြွကြွ ဆောင်ရွက်ပေးနေသည့်အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ ထို့အပြင် လူထုအကျိုးကို ယခုထက်ပိုမိုစွမ်းဆောင်ပေးနိုင်သော အဖွဲ့အစည်းတစ်ရပ်အဖြစ် ရပ်တည်နိုင်စေရန် မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း အတတ်နိုင်ဆုံး ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဂုဏ်ပြုပြောကြားသည်။

ထို့နောက် သွေးဖောင်ဒေးရှင်း (ကချင်ပြည်နယ်)ဥက္ကဋ္ဌဦးတွမ်ပီချမ်းက သွေးဖောင်ဒေးရှင်း၏ ပြည်နယ်အတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဖောင်ဒေးရှင်းအတွက် ငွေကျပ် ၁၀ သိန်း ပံ့ပိုးလှူဒါန်းပေးခဲ့ပြီး ဖောင်ဒေးရှင်း၏အဆောက်အအုံသစ်ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ဖောင်ဒေးရှင်းဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနား သူနာပြုသင်တန်းကျောင်း၌ လေးထပ်စာသင်ဆောင်သစ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် သတ္တမအကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာအပ်နှင်းခြင်း အခမ်းအနားသို့တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ သူနာပြု-သားဖွားဒီပလိုမာအပ်နှင်းခံရမည့် လူငယ်/မောင်မယ်များအနေဖြင့် မိမိတို့သင်ယူတတ်မြောက်ခဲ့သည့် အတတ်ပညာများကို လက်တွေ့ထိရောက်စွာလုပ်ဆောင်ခြင်း၊ စောင့်ထိန်းရမည့်ကျင့်ဝတ်များနှင့် ကျင့်ကြံနေထိုင်ပြီး တာဝန်ကျရာဒေသအသီးသီးမှ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင်လည်း စေတနာ၊ ဝါသနာ၊ အကြင်နာ၊ ဂရုဏာထားကြရန်နှင့် မိမိတို့၏ အသိပညာအတတ်ပညာများဖြင့် နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ကျရာကဏ္ဍမှတာဝန်ထမ်းဆောင်ရင်း အလုပ်အကြွေးပြုကြရန်လိုကြောင်း ဂုဏ်ပြုပြောကြားသည်။

ထို့နောက် သူနာပြုကျောင်းအုပ်ဒေါ်ဇမီထခေါင်ဆားက ဒီပလိုမာအပ်နှင်းခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး သင်တန်းသား/ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ သင်တန်းကျောင်းစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဒေါက်တာတင့်နိုင်က ဒီပလိုအပ်နှင်းခြင်းခံရသော သင်တန်းသား သင်တန်းသူများအား ဂုဏ်ပြုစကားပြောကြားပြီး သင်တန်းကျောင်းစီမံခန့်ခွဲရေးနှင့် ပညာရေးအဖွဲ့များက ဦးဆောင်၍ သင်တန်းသား/သင်တန်းသူ (၁၀၃)ဦးတို့အား သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခဲ့ကြသည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ မိုးကောင်း-မြစ်ကြီးနား-မိုးကောင်းခရီးစဉ် မီးရထား ပြန်လည်ပြေးဆွဲနိုင်ရေး (တတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မီးရထားပြန်လည်ပြေးဆွဲနိုင်‌ရေး မိမိတို့အနေဖြင့်အစည်းအဝေး(၂)ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့အစည်းအဝေးတွင် စတင်ပြေးဆွဲသွားမည့်နေ့ရက်အတွက် ဖွင့်ပွဲအခမ်းအနားနှင့် အများပြည်သူလုံခြုံပျော်ရွှင်စွာ လိုက်ပါစီးနင်းနိုင်ရေး၊ ပြန်လည်ပြေးဆွဲမည့်နေ့အပြင် နေ့ရက်အလိုက်ပြေးဆွဲသွားနိုင်ရေး ရေရှည်အစီအမံများကို စီမံချက်ရေးဆွဲဆောင်ရွက်သွားရေး သက်ဆိုင်ရာကဏ္ဍအလိုက် အသေးစိတ်ဆွေးနွေးဆောင်ရွက်သွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးရာဇာထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မြန်မာ့မီးရထား အမှတ်(၁)တိုင်း မြစ်ကြီးနားတာဝန်ခံ ဦးကျော်မိုးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ရထားပြေးဆွဲနိုင်ရေး ဆောင်ရွက်သွားမည့် လုံခြုံရေးဆိုင်ရာလုပ်ငန်းအစီအမံများ၊ သံလမ်းတစ်လျှောက်သစ်ပင်ခြုံနွယ်များ ရှင်းလင်းဆောင်ရွက်ထားရှိမှု၊ ဘူတာများတွင် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုနှင့် ပြန်လည်ပြေးဆွဲခြင်း အခမ်းအနားဆောင်ရွက်သွားမည့်အစီအစဉ်များ၊ ရထားတွဲအခြေအနေနှင့် လိုက်ပါစီးနင်းကြမည့် အဖွဲ့အစည်းများ၊ လူဦးရေအရေအတွက်တို့အား ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က နိုဝင်ဘာ ၁ ရက်နေ့တွင် ရထားစတင်ပြေးဆွဲနိုင်ရေးနှင့် ဖွင့်ပွဲအခမ်းအနားအတွက် လိုအပ်သည့် အစီအစဉ်များနှင့် စတင်ပြေးဆွဲသည့်နေ့မှ (၇) ရက်အထိ လိုက်ပါစီးနင်းမည့်သူများအား အခမဲ့စီးနင်းနိုင်ရေး ဆောင်ရွက်သွားမည့် အစီအစဉ်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားဘူဝာာရုံသို့ သွားရောက်ပြီး နံရံများဆေးသုတ်နေမှု အခြေအနေများနှင့် မီးရထားပြန်လည်ပြေးဆွဲခြင်း အခမ်းအနားကျင်းပပြုလုပ်သွားနိုင်ရေး၊ ပတ်ဝန်းကျင်တစ်ခုလုံး သန့်ရှင်းသပ်ရပ်မှုရှိအောင် ဆောင်ရွက်ထားရေး၊ RBE စက်ခေါင်းတွဲနှင့် လူစီးနင်းလိုက်ပါနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာများ၊မြန်မာ့မီးရထား တာဝန်ရှိသူများနှင့်လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့နံနက် ၇ နာရီက ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/အမှုထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ ပြည်ထောင်စုလမ်းမဘေး (ရေကြည်ရပ်ကွက်)အတွင်း သစ်ပင်ကြီးများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ခြုံနွယ်များနှင့်အမှိုက်များ ရှင်းလင်းပေးခြင်း၊ လမ်းလယ်ကျွန်းရှိ သစ်ပင်များနှင့်ပန်းခုံများ ပေါင်းသင်မြက်နှုတ်ပေးခြင်း၊ မြေယာပုံဖော်ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်စျေးတွင် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဌာနဆိုင်ရာများ၊ ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်သူများစုပေါင်း၍ အများပြည်သူအတွက် ပြင်ပပေါက်ဈေးထက်ပိုမို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသည့် သက်သာချောင်ချိရေး အခွန်လွတ်ဈေးသို့ သွားရောက်၍ ဆန်နှင့် အခြေခံစားသောက်ကုန်များ၊ သား/ငါးများရောင်းချပေးနေမှု၊ စားသုံးဆီရောင်းချပေးနေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ဈေးဝယ်လာရောက်သည့် ပြည်သူများအားရင်းရင်းနှီးနှီး တွေ့ဆုံအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)