မြစ်ကြီးနား အောက်တိုဘာ ၂၆
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးနှင့် ဘက်စုံ/ ထောင်စုံ/ကဏ္ဍစုံမှ ဖွံ့ဖြိုးတိုးတက်လာစေရေး ဘဏ္ဍာနှစ်အလိုက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဒေသခံပြည်သူများ သိရှိနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ အသင်းအဖွဲ့များအား ချပြရှင်းလင်းခြင်း အခမ်းအနားကို အောက်တိုဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီက ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် လုပ်ငန်းစီမံကိန်းများရေးဆွဲ၍ ကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကျဉ်းမြောင်းစေရေး လမ်းတံတားစသည့် အခြေခံအဆောက် အအုံများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့သည့် လုပ်ငန်းစီမံကိန်းများ၊ စားရေရိက္ခာ ဖူလုံရေးအတွက် ဆောင်ရွက်ရာတွင် ဒေသဝမ်းစာဖူလုံရေး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို မျိုး၊ မြေ၊ ရေ၊ နည်းစနစ်များ တိုးမြှင့်ပံ့ပိုးဆောင်ရွက်ပေးနိုင်ခဲ့မှု၊ ထို့အပြင် ပူတာအိုဒေသ ဝမ်းစာဖူလုံရေးနှင့် တနိုင်းခရိုင် ဝမ်းစာဖူလုံရေးအတွက် စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များ၊ ဆီဖူလုံမှုရှိစေရေးနှင့် သီးနှံစိုက်စွမ်းအား တိုးမြှင့်လာစေရေးအတွက် (၅)နှစ် စီမံကိန်း ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့အား (၃)နှစ်အတွင်း သန့်ရှင်းသာယာလှပသော ပန်းမြို့တော်ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ ပညာရေး၊ ကျန်းမာရေးနှင့် အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာခဲ့မှု၊ လျှပ်စစ်မီးလင်းရေးအတွက် ရေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြောကြားကာ ယနေ့တက်ရောက်လာသူများအနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်လာသည့် အခြေအနေမှန်များနှင့် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို သိရှိနားလည်ပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များတွင် မိမိတို့ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ စည်းလုံးညီညွတ်စွာ ပူးပေါင်းလက်တွဲပါဝင်ကြရေး ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ အသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းရှင်များကိုယ်စား ဒူဝါဒေါက်တာဘွမ်ယွမ်က ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး၊ ဌာနဆိုင်ရာများအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားခဲ့သည်။
အလားတူပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ စည်ပင်သာယာရေး အဖွဲ့အရာထမ်း/ အမှုထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် လေယာဉ်ကွင်းအနီး၌ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အမှိုက်များ ကောက်ယူခြင်း၊ လမ်းလယ် ကျွန်းသစ်ပင်ပန်းပင်များ မြေယာပြုပြင်ခြင်း လုပ်ငန်းများကို စုပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)