မိုးညှင်း အောက်တိုဘာ ၂၄
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် အကောင်းအထည်ဖော် ဆောင်ရွက်လျက်ရှိသော ဇီးကုန်းကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ရာနှုန်းပြည့်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက် (၁၀)နာရီက တာဝန်ရှိသူများမှ သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့် တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြစိမ်းရောင် ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့်တွေ့ဆုံကာ ယခုဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေ (၅၀)ရာခိုင်နှုန်းဖြင့် ငွေကျပ်(၂၀၉)သိန်းနှင့် ပြည်သူလူထုမှ ထည့်ဝင်ငွေကျပ် (၁၅၁)သိန်း စုစုပေါင်းငွေကျပ် သိန်း(၃၆၀)ဖြင့် ဆောင်ရွက်သည့် လမ်းအရှည်ပေ (၁၅၀၀)၊ အကျယ် (၁၂)ပေနှင့် ထု(၆)လက်မရှိ ကွန်ကရစ်လမ်းကို ဇူလိုင်လ ပထမပတ်မှ စတင်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကော်မတီဝင်များမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြရာ ယခုအခါတွင် ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွန်းကရစ်လမ်းခင်းခြင်းလုပ်ငန်းတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဝင်များနှင့် ရွာသူ/ရွာသားများမှ ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြပြီး ၎င်းလမ်းအား ကျေးရွာနေ အိမ်ခြေ(၁၁၉)အိမ်၊ လူဦးရေ(၇၁၂)ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး ရာသီမရွေး သွားလာနိုင်သည့်အပြင် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ရွှေမိုးညှင်း