မချမ်းဘော အောက်တိုဘာ ၂၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် နှစ်စဥ်မပျက်ကျင်းပလျက်ရှိသော ခရိုင်လုံးဆိုင်ရာ သံဃာ့ပူဇော်ပွဲကို ယခုနှစ်တွင် မချမ်းဘောမြို့နယ် ကောင်းမှုလုံကျေးရွာရှိ ကောင်းမှုလုံစေတီတော် ပရဝုဏ်အတွင်း၌ မြန်မာသက္ကရာဇ် ၁၃၈၅ခု နှစ် သီတင်းကျွတ်လပြည့်ကျော် ၃ရက်နေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သံဃာ့ပူဇော်ပွဲကို မချမ်းဘောမြို့ပေါ်ရှိ ဗုဒ္ဓဘာသာဝင်များ၊ ကောင်းမှုလုံကျေးရွာ၊ မန်ခွတ်ကျေးရွာ၊ ခန်ကျိုကျေးရွာရှိ ဗုဒ္ဓဘာသာဝင်များ စုပေါင်း၍ ကျင်းပဆောင်ရွက်ခြင်းဖြစ်ပြီး ပူတာအိုခရိုင်အတွင်းရှိ ဘုန်းကြီးကျောင်း ၃၇ ကျောင်း၊ သီလရှင်ကျောင်း ၁ ကျောင်းတို့မှ ရဟန်းတော် ၆၆ ပါး၊ သာမဏေ၊ သီလရှင် ၃၉ပါး စုစုပေါင်း ရဟန်းသာမဏေသီလရှင် ၁၀၅ ပါးကို စတုပစ္စယအလှူတော် လှူဒါန်းခြင်း၊ ဗုဒ္ဓဘာသာဝင် အလှူရှင်များမှ ပဒေသာပင်လှည့်လည်ပူဇော်ခြင်း၊ ရဟန်းသာမဏေ သီလရှင်များအား ခန္တီးရှမ်းရိုးရာ လက်ဆေးကန်တော့ခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်သွားမည် ဖြစ်ကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော)