ပူတာအို အောက်တိုဘာ ၂၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးပွားရေးစီမံကိန်း စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီခွဲက ပူတာအိုမြို့နယ်၊ ပူတောင်းကျေးရွာအုပ်စု မုဒုံ-၂ကျေးရွာ ခရစ်တော်၏ အသင်းတော်ဘုရားကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးခေါင်လန်ဒီးက ယခုစက်ချုပ်သင်တန်းကြောင့် သင်တန်းသူ (၁၅)ဦး နည်းပညာရရှိပြီး လုပ်ငန်းရှင်အနေဖြင့် ငါးဦးပေါ်ထွက်လာပြီဖြစ်ကြောင်းနှင့် သင်တန်းသူများအနေဖြင့် မိမိရပ်ရွာဒေသ၊ မိမိမြို့နယ်၊ မိမိခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသေးစားထုတ်ကုန်များ ထုတ်လုပ်လာနိုင်အောင် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်း အမှာစကား ပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဖြိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးခေါင်လန်ဒီးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများက ထူးချွန်သင်တန်းသူငါးဦးအား အပ်ချုပ်စက်များ၊ ဘီတင်စက်များ၊ ကင်းချည်စက်များ၊ လျှပ်စစ်မီးပူများ၊ သင်တန်းသူများအား သင်တန်းထွက် ကုန်ချောပစ္စည်းများ၊ သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ရာ သင်တန်းသူများက လက်ခံရယူကြသည်။ ထို့နောက် သင်တန်းသူ ဒေါ်ငွါးဂီးဆာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် သင်တန်းသူများက စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကာ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းထွက်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါသင်တန်းသို့ ပူတာအိုမြို့နယ် ပူတောင်းကျေးရွာအုပ်စုအတွင်းရှိ ပူတောင်းကျေးရွာနှင့် မုဒုံ-၂ ကျေးရွာများမှ သင်တန်းသူ (၁၅)ဦးတို့ကို အခြေခံစက်ချုပ်သင်တန်းကို တစ်လကြာနှင့် မွမ်းမံ စက်ချုပ်သင်တန်းကို (၁၅)ရက်ကြာ စုစုပေါင်းသင်တန်းကာလ တစ်လခွဲကြာ အခြေခံ စက်ချုပ်သင်တန်းတွင် ဘာသာရပ် (၁၀)မျိုးနှင့် မွမ်းမံစက်ချုပ်သင်တန်းတွင် ဘာသာရပ် (၆)မျိုးတို့ကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသူများမှ ထူးချွန်၍ လုပ်ငန်းထူထောင်လိုသူ ငါးဦးအား တစ်ဦးလျှင် ကျပ်(၁၀)သိန်းနှင့် ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများဖြင့် တစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်များ ဖြစ်လာစေရန် လုပ်ငန်းထူထောင်ပေးခြင်းဖြစ်ကြောင်း ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သိရသည်။
ဖုန်ကန်(ပူတာအို)