ပူတာအိုခရိုင်၌ ကျေးဇူးတော်ချီးမွမ်းပွဲ (ကောက်သစ်စားပွဲ)များ အသင်းတော်အသီးသီးတွင် ကျင်းပ

ပူတာအို အောက်တိုဘာ ၂၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲ ပွဲတော်ဖြစ်သည့် ကျေးဇူးတော်ချီးမွမ်းပွဲ (ကောက်သစ်စားပွဲ)များကို ၂၀၂၃-ခုနှစ်အတွက် ယခုလမှ စတင်ကာ အသင်းတော်အသီးသီးတွင် ကျင်းပနေကြပြီဖြစ်ကြောင်း သိရသည်။

ကျေးဇူးတော်ချီးမွမ်းပွဲ (ကောက်သစ်စားပွဲ)များကို ပူတာအိုဒေသတွင် နှစ်စဉ် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် အများအားဖြင့် ကျင်းပလေ့ရှိသော ပွဲတော်ဖြစ်ပြီး ကျေးဇူးတော်ချီးမွမ်းပွဲ (ကောက်သစ်စားပွဲ)တွင် မိုးရာသီစိုက်ပျိုးခဲ့သော ကောက်ပဲသီးနှံများမှ အဦးသီး သီးနှံများဖြင့် ပူဇော်ပသကာ တစ်နှစ်တာလုံး ရရှိခံစားကြသော ကောင်းကြီးများအတွက် ကျေးဇူးတော်ချီးမွမ်းသော ပွဲတော် ဖြစ်သည်။

အဆိုပါ ပွဲတော်တွင် ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်များ၊ ညပိုင်းဖျော်ဖြေရေးအစီအစဉ်များ၊ အကပဒေသာများ၊ မိတ်ဆုံစားပွဲ အစီအစဉ်များကို ထည့်သွင်းကာ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြပြီး ကျေးဇူးတော်ချီးမွမ်းပွဲကို ပူတာအိုဒေသတွင် မိသားစုအလိုက် သော်လည်းကောင်း၊ အသင်းတော်အလိုက်သော်လည်းကောင်း၊ သာသနာနယ်အလိုက် သော်လည်းကောင်း၊ အဖွဲ့အစည်းအလိုက်သော်လည်းကောင်း ကျင်းပလေ့ရှိကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)