ကချင်ပြည်နယ်ဝန်ကြီးချုပ် လေဆိပ်ရှေ့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်၊ အခွန်လွတ်ဈေး ရောင်းချမှုအား ကြည့်ရှုစစ်ဆေး၊ ပြည်နယ်အတွင်း စိုက်ပျိုးထုတ်လုပ်သည့် ရှားကောများကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     အောက်တိုဘာ ၂

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့တော်မြစ်ကြီးနားမြို့အားမြို့အင်္ဂါရပ်နှင့်အညီသန့်ရှင်း သပ်ရပ်ပြီး ပန်းအလှများဖြင့် ဝေဆာနေစေရေး မြို့တွင်းအဓိကလမ်းမများတစ်လျှောက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အောက်တိုဘာ ၂၀ ရက် နံနက် ၇ နာရီက မြစ်ကြီးနားလေဆိပ်ရှေ့ (ပြည်ထောင်စုလမ်းမကြီး)တစ်လျှောက် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့သည်။

ထို့သို့ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံ ဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/ အမှုထမ်းများနှင့် Kachin State Clean & Green Team အဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားလေဆိပ်ရှေ့ မလိခဥယျာဉ်ငယ်၊ ပြည်ထောင်စုလမ်းမကြီး ဘေးရှိ မြေယာရှုခင်းပြုပြင်ပြီး အလှပန်းပင်များ ပုံဖော်စိုက်ပျိုးထားသော မြေကွက်လပ်နှင့် လမ်းလယ်ကျွန်းများတွင် သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ မြေယာ ရှုခင်းပြုပြင်စိုက်ပျိုးထားသော အလှပန်းပင်များကြား ပေါင်းရှင်းပေးခြင်း၊ အမှိုက်များ ကောက်ယူခြင်း တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းမများဘေး မြေကွက်လပ်နေရာများ တွင် အများပြည်သူဖြတ်သန်းသွားလာသူများ နားနေနိုင်ရေး မြေယာရှုခင်းပြုပြင်ပြီး အလှပန်းပင်များ စိုက်ပျိုးနိုင်ရေးနှင့် ထိုင်ခုံများဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒူကထောင်ရပ်ကွက်စျေးတွင် ဖွင့်လှစ် ရောင်းချလျက်ရှိသည့် သက်သာချောင်ချိရေး အခွန်လွတ်စျေးသို့ သွားရောက်ပြီး  ပြည်သူများ စားဝတ် နေရေး အဆင်ပြေစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် ပြင်ပပေါက်ဈေးထက် ချိုသာသော ဈေးနှုန်းဖြင့် ကြက်၊ ဝက်၊ အမဲ၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ ရောင်းချပေးနေမှု၊ မှော်ဘီဆန်များ ရောင်းချပေးနေမှု၊ စားသုံးဆီလက်လီ ရောင်းချပေးနေမှုများအား ပြည်သူများ စနစ် တကျ စီတန်းဝယ်ယူနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဒေသခံများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများအဆင်ပြေလွယ်ကူစွာဝယ်ယူနိုင်ရေး နှင့် စားသုံးဆီရောင်းချမှုအား ရပ်ကွက်နေပြည်သူအားလုံး ဝယ်ယူရရှိနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ 

ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အတွင်း စိုက်ပျိုး ထုတ်လုပ်နေသော ဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်သည့် ရှားကောများကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ တရားဝင် တင်ပို့နိုင်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ် သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းထွက်ရှိသည့် ဟင်းခတ်အမွှေးအကြိုင်သီးနှံတစ်ခုဖြစ်သည့် ရှားကောသီးနှံစိုက်ပျိုးခြင်းကိုဧကပေါင်း ၁၃၀၀၀ ကျော် စိုက်ပျိုးထုတ်လုပ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ရှားကောကို ဒေသထုတ်ကုန်တစ်ခုအဖြစ် တိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ ပြည်သူများဝင်ငွေပိုမိုရရှိရေးနှင့် ပြည်ပပို့ကုန် တစ်ခုအဖြစ် နိုင်ငံတော်အခွန်ငွေရရှိရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် ရှားကောကို ကံပိုင်တည်နယ်စပ်ဂိတ် မှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့နိုင် ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း လက်ရှိ ရှားကောစိုက်ဧက ၁၃၀၀၀ ကျော်ရှိနေပြီး တစ်ဧက အထွက်နှုန်း ၇၆၀ ပိဿာရရှိသဖြင့် တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ပါက အတိုင်း အတာတစ်ခုထိ တိုးတက်ဖြစ်ထွန်းအောင်မြင်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ရှားကောစိုက်ပျိုးထုတ်လုပ်တင်ပို့နိုင်ရေး ပြည်တွင်း စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် တရုတ်နိုင်ငံဘက်မှ ညှိနှိုင်းတင်ပြလာမှု အခြေအနေ များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပြည်နယ်အတွင်း စိုက်ပျိုး ထုတ်လုပ်နိုင်မှုအခြေအနေများ၊ တစ်ဧက အထွက်နှုန်းနှင့် ဈေးကွက်ရရှိမှုနေမှု အခြေအနေများ၊ တရုတ်နိုင်ငံသို့ တရားမဝင်တင်ပို့နိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ပေါင်းစပ်ဆောင်ရွက်ပေးရမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ရှားကောစိုက်ဧကနှင့် ထွက်ရှိနိုင် မည့်တန်ချိန်တို့ကို တိတိကျကျစစ်တမ်းကောက်ယူ၍ တရုတ်နိုင်ငံဈေးကွက်သို့ တရားဝင်တင်ပို့နိုင် ရေး ဌာနဆိုင်ရာများ၊ ရှားကောစိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်း၍ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့ သည်။

ကချင်ပြည်နယ်အတွင်း အဆိုပါ ရှားကောပင်များကို အေးမြစိုစွတ်သော တောင်ပေါ်ဒေသများ တွင်ဖြစ်ထွန်းလေ့ရှိသဖြင့် မြစ်ကြီးနားခရိုင်အတွင်း ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ဆဒုံး၊ ကံပိုင်တည် ဒေသများ၊ ပူတာအိုခရိုင်အတွင်း မချမ်းဘော၊ ပန်နန်းဒင်၊ နောင်မွန်ဒေသများတွင် အများဆုံး စိုက်ပျိုး ထုတ်လုပ်လျက်ရှိပြီးအဓိကအားဖြင့် ဟင်းခတ်အမွှေး အကြိုင်အဖြစ်အသုံးပြုကြကြောင်းနှင့် ရှားကော တစ်ဧကအထွက်နှုန်းအနေဖြင့် အစို ၇၆၅ ပိဿာ/ အခြောက် ၂၅၀ ပိဿာကျော်ရရှိပြီး ဒေသတွင်း ပေါက်ဈေးအနေဖြင့် ၁ ပိဿာ ငွေကျပ် ၁၀၀၀၀ နှင့် အဝယ်ဒိုင်ပေါက်ဈေးတွင် ငွေကျပ် ၂၀၀၀၀ ကျော်ရှိကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပြည်နယ်ပြန်/ဆက်