တနိုင်းမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

တနိုင်း အောက်တိုဘာ ၆

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အ.ထ.က-၁ ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့(၅) ဖွဲ့မှ ပေးပို့သော သဝဏ်လွှာကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးအင်ဂျီးဂ‌ရောင်က ဖတ်ကြားသည်။ ထို့နောက် မြို့နယ်အဆင့် ကဗျာပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသူ ကျောင်းသားများအား တာဝန်ရှိသူများက ဆုများပေးအပ်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတေဇာအောင်က ဆရာကြီးဆရာမကြီးများ ၁၂ ဦးအား တစ်ဦးလျှင် တစ်သောင်းကျပ်စီ လှူဒါန်းပြီး၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီးများက အငြိမ်းစားဆရာကြီး ဆရာမကြီးများအား ဂါရဝပြုလက်ဆောင်များပေးအပ်ကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

မနောမြေ(တနိုင်း)