ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်၊ ပြည်နယ်အစိုးရအဖွဲ့၏ RC (၂)ထပ် ရုံးအ‌ဆောက်အအုံအသစ်အား ပန္နက်ရိုက်တင်ပေး

မြစ်ကြီးနားမြို့ အောက်တိုဘာ ၅

 ‘ပညာရေးကိုမြှင့်တင်ဖို့ ဆရာအင်အားဖြည့်ဆည်းစို့’ ဟူသည့်ဆောင်ပုဒ်ဖြင့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၅ ရက်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အေးမြသီတာခန်းမတွင် ကျင်းပပြုလုပ်ရာ လေ့ကျင့်ရေးအလယ်တန်းကျောင်းမှ ကျောင်းသား/သူများက “မြတ်ဆရာ” သီချင်းဖြင့်‌ သရုပ်ပြဖျော်ဖြေကာ အခမ်းအနားအား ဖွင့်လှစ်သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံ‌တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကိုဖတ်ကြားသည်။ ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ကုလသမဂ္ဂလက်‌အောက်ခံအဖွဲ့(၅)ဖွဲ့မှ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်း သဝဏ်လွှာကို ဖတ်ကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က  ၂၀၂၃ခုနှစ် ကမ္ဘာ့ဆရာများ‌နေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးနှင့်ကဗျာ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား လည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်လဖိုင်နန်ဆိုင်းက အလယ်တန်းအဆင့် စာစီစာကုံးနှင့်ကဗျာ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူ များအား လည်းကောင်း ဂုဏ်ပြုဆုများအား အသီးသီးပေးအပ် ချီးမြှင့်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၄င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများက အသက်(၇၀)နှစ်နှင့်အထက် ဆရာကြီး/ဆရာမကြီးများအား ဂါဝရပြုပူဇော်ကန်တော့ခဲ့ကြပြီး လက်ဆောင်ပစ္စည်းများနှင့်အတူ တစ်ဦးလျှင် ငွေကျပ် (၁) သိန်းစီ ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြကာ ဆရာကြီး/ဆရာမကြီးများနှင့် ကမ္ဘာ့ဆရာများ‌နေ့ အထိမ်းအမှတ် အမှတ်တရ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၁၀ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း၌ RC (၂)ထပ် ရုံးအဆောက်အအုံ ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်‌ရောက်ပြီး အဆိုပါအဆောက်အအုံအသစ် ဆောက်လုပ်မည့်မြေနေရာ၌ ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က သတ်မှတ်နေရာများတွင် ပန္နက်ရိုက်တင်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြသည်။

ယင်းအဆောက်အအုံအသစ်အား အလျား ၁၂၀ပေ၊ အနံ ၄၀ ပေ အကျယ် RC (၂) ထပ်အဖြစ် ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာမိတ်ကာဟုမ်းကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်သွားမည်ဖြစ်သည်။

အလားတူ နံနက်ပိုင်းက မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်နှင့် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိ သူများသည် မြေမြင့်ရပ်ကွက် ပြည်ထောင်စုလမ်းမကြီး လမ်းဘေးဝဲယာတစ်လျှောက် အမှိုက်များ ကောက်ယူသိမ်းဆည်းခြင်း၊ မြတ်ရိတ်ခြင်း၊  သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့အား မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များနှင့်အတူ စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့တွင်းလမ်းမကြီးဖြစ်သည့်အတွက် ရာသီအလိုက် အလှပန်းပင်များဖြင့် ဝေဆာလှပနေစေရေးနှင့် စဥ်ဆက်မပြတ် သန့်ရှင်းသပ်ရပ်နေစေရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပြည်နယ်(ပြန်/ဆက်)