ဗန်းမော် စက်တင်ဘာ ၂၅
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ချယ်ရီတန်ကိုယ်ပိုင်အထက်တန်း ကျောင်းတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးကို ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီခွဲ ခန့်က အလယ်ရပ်ကွက်ရှိ ရွှေကျောင်းကုန်းခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ် ပညာရေးမှူး ဦးထွန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး ဗန်းမော် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက "ကျောင်းသား၊ ကျောင်းသူ လူငယ်များအား ကျောင်းစာအပြင် ပြင်ပဗဟုသုတ ရရှိမည့်စာကောင်းပေမွန်များကို လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိ လာစေ ရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကျင်းပရ ခြင်းဖြစ်ကြောင်း" ရှင်းလင်းပြောကြားသည်။ ထို့နောက်ချယ်ရီတန်ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဒေါ်နီလာမေလင်းက ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ ချယ်ရီတန်ကိုယ်ပိုင် အထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြ သည့် Grade-11 ကျောင်းသူ မဂျာစင်အောင်က "လူငယ်နှင့် Social Media" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-11 ကျောင်းသူ မမိုးပြည့်ပြည့်မာက "လူငယ်နှင့် စိတ်ဓာတ်ခွန်အား" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-11 ကျောင်းသား မောင်ဘုန်းပြည့်ဦးက "လူငယ်နှင့် အနုပညာ ပန်းချီ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျေင်းသား မောင်မင်းခန့်ကိုက "လူငယ်နှင့် အာကာသသိပ္ပံ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်ကောင်းဆက်သာက "လူငယ်နှင့် ကွန်ပျူတာသိပ္ပံ" ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြပြီး ဦးဆောင်ဆွေးနွေးသူ ဦးအောင်ကျော်ထွန်းက စကားဝိုင်းနှင့် ပက်သက်၍ နိဂုံးချုပ်သုံးသပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်