ပူတာအို စက်တင်ဘာ ၂၂
မြန်မာပြည်မြောက်ဖျားပိုင်းရှိ ကချင်ပြည်နယ်၊ ပူတာအိုဒေသတွင် ရှားပါးသည့် သဘာဝဆေးမြစ်၊ ဆေးဉများ ထွက်ရှိသည့် ဒေသဖြစ်ပြီး ပူတာအို ဒေသရေခဲတောင်များတွင် ရှီးပတီး၊ ခမ်းတောက်မြစ်၊ ရှားချီစသည့် အဖိုးတန်သဘာဝဆေးမြစ်၊ ဆေးဉများထွက်ရှိသည့်အပြင် သဘာဝ အလျောက် ပေါက်ရောက်သည့် “ဘေချီဉ” များအား အသက်နှင့်ရင်းပြီး ရှာဖွေခြင်းဖြင့် မိသားစုဝင်ငွေရှာဖွေကြ ရကြောင်း သိရသည်။
အဆိုပါ “ဘေချီ” အား ဒေသခံရဝမ်ဘာသာစကားအားဖြင့် “လန်ပါ့” ဟုလည်း ခေါ်ဆိုကြပြီး ဘေချီကို ရေခဲတောင်ဖြစ်သည့် ခါကာဘိုရာဇီ၊ ဖုန်ကန်ရာဇီ၊ ဖုန်ရင်ရာဇီနှင့် မဒွယ်ရာဇီ စသည့် ရေခဲတောင်များ၏ ကျောက်ဆောင်၊ ကျောက်ကမ်းပါးယံနှင့် ရေခဲတောင်ဒေသရှိ စမ်းချောင်း များ၏ ကျောက်ဖျာများတွင် ရှာဖွေတွေ့ရှိရသည့် ဆေးဉတစ်မျိုးဖြစ်သည်။
၎င်း “ဘေချီဉ” များကို အများအားဖြင့် စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် သွားရောက်ရှာဖွေကြရပြီး ရေခဲတောင် ဒေသမှ ရရှိလာသည့် “ဘေချီဉများကို တရုတ်နိုင်ငံဘက်မှ အများအားဖြင့် ဈေးကောင်းပေးဝယ်လျက်ရှိသည်။ ယင်း “ဘေချီဉ” များကို တရုတ်နိုင်ငံတွင် တရုတ်တိုင်းရင်းဆေးထုတ်လုပ်ရာတွင် အသုံးပြုလျက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“ဘေချီဉ” များသည် ကြက်သွန်နီဥကဲ့သို့ရှိပြီး အဖြူရောင်၊ ခရမ်းရောင်နှင့် အစိမ်းရောင်ဟူ၍ အရောင် သုံးမျိုး ထွက်လျက်ရှိကြောင်း၊ အဆိုပါ “ဘေချီဉ” များကို အခြောက်လှန်းကာ ပိဿာချိန်နှင့် ရောင်းကြရကြောင်းသိရှိရပြီး ၎င်းအခြောက်ခံပြီးရရှိလာသည့် “ဘေချီဥ” များကို ၂၀၂၁ ခုနှစ်တွင် တစ်ပိဿာလျှင် သုံးသိန်းကျပ်၊ ၂၀၂၂ ခုနှစ်တွင် တစ်ပိဿာလျှင်ကိုးသိန်းနှင့် ယခုနှစ်တွင် ကာလပေါက်ဈေးအရ တရုတ်ငွေအတက် အကျပေါ်မူတည်ပြီး ကျပ်(၁၀)သိန်းဝန်းကျင်အထိ ဈေးရရှိ ကြောင်း သိရသည်။
အဆိုပါ “ဘေချီဥ” များသည် ပင်လယ်ရေမျက်နှာပြင် (၆၀၀၀) အထက် ရေခဲတောင်ရှိ ကျောက်ကမ်းပါးယံများတွင် ပေါက်ရောက်သော ဆေးဥ တစ်မျိုးဖြစ်ကြောင်း၊ “ဘေချီဥ” များကို အဖွဲ့လိုက်စုဖွဲ့ကာ ရှာဖွေကြရကြောင်း၊ အဆိုပါ “ဘေချီဥ” များသည် ကျောက်ဆောင်ကမ်းပါးယံတွင် သာ ပေါက်ရောက်ခြင်းကြောင့် ရာသီဉတုနှင့် လမ်းခရီးကြမ်းတမ်းသဖြင့် “ဘေချီဉ” ရှာဖွေချိန်တွင် ကျောက်ဆောင်ကျောက်ကမ်းပါးယံမှ ပြုတ်ကျသေဆုံးမှုများလည်းရှိကြောင်း သိရ သည်။
ဖုန်ကန်(ပူတာအို)