ဆွမ်ပရာဘွမ် စက်တင်ဘာ ၂၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာ အထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ထိုသို့ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်ရာ အခြေခံပညာအထက်တန်း ကျောင်း၌ စုရပ်အဖြစ် သတ်မှတ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း(မြို့မ)ကျောင်းမှ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သည့် ကျောင်းသူ(၁၇)ဦးနှင့် အ.မ.က(စပ်တောင်) ကျောင်းမှ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သည့် ကျောင်းသူ (၃)ဦးစုစုပေါင်း(၂၀)ဦးတို့အား ကျန်းမာရေးဝန်ထမ်းများက အမည်စာရင်းရေးမှတ်ခြင်းဖြင့် တစ်ဦးချင်းအလိုက် ထိုးနှံပေးခဲ့သည်။ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ကို မြို့နယ်အတွင်းရှိ ကျောင်းသူ(၁၁၀)ဦးအား သတ်မှတ်ရက်အလိုက် ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာသို့ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ မြို့နယ်ကျန်းမာရေးမှူး အဆင့်(၁)ဒေါ်ဂျေလုဂျာ၊ မြို့နယ်ဘက်စုံ သားဖွားဆရာမ ဒေါ်ဘောက်ဆိုင်းနှင့် တာဝန်ရှိသူများ၊ အခြေခံပညာ အထက်တန်းကျောင်းအုပ် ဦးခိုင်မင်းအောင်နှင့် ဆရာ/ဆရာမများ၊ မြို့နယ် အမျိုးသမီးရေးရာ/ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များ၊ အုပ်ထိန်းသူ မိဘများ၊ ကျောင်းသူများပါဝင်ခဲ့ကြောင်း သိရသည်။
ဧပရယ်မိုး(ဆွမ်ပရာဘွမ်)