မချမ်းဘောမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား Biometric Data ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်း ဆောင်ရွက်လျက်ရှိ

မချမ်းဘော စက်တင်ဘာ ၂၁

ကချင်ပြည်၊ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား Biometric Data ဇီဝဆိုင်ရာ အချက်အလက်များကောက်ယူခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မလိခအစည်းအဝေးခန်းမ၌ စက်တင်ဘာလ ၁၃ရက်နေ့မှစ၍ ယနေ့ထိ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူရာတွင် တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို Enrollment Application Form (ပုံစံ-၁) ဖြင့် ဖြည့်စွက်၍ server တိုက်ဆိုင်စစ်ဆေးပြီး ဓာတ်ပုံမှတ်တမ်းတင်ခြင်း၊ မျက်လုံး၊ လက်ဗွေတို့ကို screen ဖတ်ပြီး အချက်အလက်များကို Enrollment Device ဖြင့် serverထဲထည့်၍ အချက်အလက်များအား QR ကုတ်ပါသည့် ဂဏန်း (၁၀)လုံးပါသော UID နံပါတ်ပြန်လည်ထုတ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မချမ်းဘောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ Biometric Data ဇီဝအချက်အလက်ကောက်ယူခြင်းကို ကနဦးအနေဖြင့် ဦးတည်အုပ်စု(က) ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များကို စာရင်းကောက်ယူလျက်ရှိပြီး ကျန်လူဦးရေများကို သက်ဆိုင်ရာ ဦးတည်အုပ်စုများအလိုက် ဆက်လက်ကောက်ယူသွားမည် ဖြစ်ကြောင်းသိရသည်။

ယောရွှေနီ (မချမ်းဘော)