မြစ်ကြီးနား စက်တင်ဘာ ၈
၂၀၂၃ ခုနှစ်၊ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင် ရောက်ယှဉ်ပြိုင်ပွဲနိုင်ရေးနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၈ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ကျင်းပပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြန်မာ့ရိုးရာယဉ် ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဗဟိုအဆင့်ပြိုင်ပွဲတွင် အဆင့်အတန်းရှိရှိ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပပြုလုပ်ရန် စီမံဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ ပြည်နယ်အဆင့်ပြိုင်ပွဲမှ ဘာသာရပ်အလိုက်၊ ပြိုင်ပွဲအမျိုးအစားအလိုက် ပြိုင်ပွဲဝင်များကို မိမိတို့အနေဖြင့် စနစ်တကျစုဖွဲ့လေ့ကျင့်ပြီး အနှစ်သာရှိရှိ ကြိုးစားယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် အားသားချက်/ အားနည်းချက်အပေါ် လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဗဟိုအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပြည်နယ်အဆင့်ပြိုင်ပွဲအတွက် ဘာသာရပ်အလိုက်/ အမျိုးအစားအလိုက် ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည့်အစီအစဉ်များ၊ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဦးစီးကော်မတီဒုတိယဥက္ကဋ္ဌနှင့် ဆပ်ကော်မတီအလိုက် တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက် ပြိုင်ပွဲကျင်းပပြုလုပ်သွားမည့် အစီ အစဉ်များ၊ ဗဟိုအဆင့်ပြိုင်ပွဲအတွက် ကြိုတင်စုဖွဲ့လေ့ကျင့်ဆောင်ရွက်သွားမည့် အစီအမံများနှင့် လီဆူတိုင်းရင်းသားအက ဖျော်ဖြေနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လိုအပ်ချက်များကို အသီးသီးရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့်ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး၊ ဗဟိုအဆင့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းဆပ်ကော်မတီအလိုက် လိုအပ်ချက်များအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရ သည်။
ပြည်နယ် (ပြန်/ဆက်)