မိုးညှင်းမြို့၌ ခရိုင်အဆင့် အခြေခံပညာမူလတန်း အလယ်တန်းနှင့် အထက်တန်းကျောင်းမှ သင်ထောက်ကူပစ္စည်း ပြပွဲ/ပြိုင်ပွဲကျင်းပ

မိုးညှင်း စက်တင်ဘာ ၈

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်အဆင့် အခြေခံပညာမူလတန်း အလယ်တန်းနှင့် အထက်တန်းကျောင်းများမှ သင်ထောက်ကူပစ္စည်းပြပွဲ/ပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

အဆိုပါပြပွဲ/ပြိုင်ပွဲတွင် ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းမင်းလတ်က အဆိုပါ ပြပွဲ/ပြိုင်ပွဲများ ကျင်းပရခြင်းနှင့်ပတ်သက်၍ ဆရာဆရာမများ သင်ထောက်ကူသုံး၍ သင်ခန်းစာကို ပေါက်မြောက် အောင်မြင်အောင်သင်ကြားနိုင်စေရန်၊ သဘာဝပတ်ဝန်းကျင်နှင့်ဆက်စပ်၍ သင်ထောက်ကူများ တီထွင်ဖန်တီးနိုင်စေရန်နှင့် အတွေးအခေါ်များ ရင့်သန်လာပြီး ဆက်စပ်တွေးတောတတ်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မိုးညှင်းခရိုင်အတွင်းရှိ မိုးညှင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ်တို့မှ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများက သင်ထောက်ကူပစ္စည်းများကို ပါဝင်ယှဉ်ပြိုင်ကြရာ မူလတန်းအဆင့်တွင် (၁၀) ဦး၊ အလယ်တန်းအဆင့်တွင် (၉) ဦးနှင့် အထက်တန်းအဆင့်တွင် (၁၄) ဦး စုစုပေါင်း (၃၃) ဦးတို့က အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်၊ ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း (ပြန်/ဆက်)