မိုးကောင်းမြို့၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

မိုးကောင်း စက်တင်ဘာ ၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးတွင် ကမ္ဘာ့ရှေးဦးပြုစုခြင်း အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် ကျင်းပသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာ ဒုတိယအပတ်တွင် ကျရောက်မည့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အတွက် ဒစ်ဂျစ်တယ်ကမ္ဘာထဲက ရှေးဦးပြုစုခြင်းနည်းပညာ ဆောင်ပုဒ်ဖြင့် တိုးတက်လာသည့် နည်းပညာ ခေတ်နှင့် အညီ ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုများမှတဆင့် ရှေးဦးပြုစုခြင်းနည်းပညာကို လေ့လာ သိရှိမျှဝေနိုင်ပြီး နည်းပညာအရေးပါပုံကို ပေါ်လွင်စေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း သိရ သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွှန့်ထံမှ ပေးပို့သော ကမ္ဘာ့ကြက်ခြေနီ အထိမ်းအမှတ် သဝဏ်လွှာကို မြို့နယ်ကြက်ခြေနီအသင်းခွဲ ခေတ္တဥက္ကဋ္ဌ  ဦးဝင်းနိုင် က ဖတ်ကြားပြီး အထိမ်းအမှတ်အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ အမှုဆောင်အဖွဲ့ဝင် ဒေါ်မြင့်မြင့်တင်က ပြောကြားကာ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူး ဒေါ်ဆွေမာသင်းက မြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြား သည်။

ပဋိပက္ခအခြေအနေများနှင့် သဘာဘေးအန္တရာယ် ကြုံတွေ့စဉ် ရှေးဦးပြုစုခြင်းအတတ်ဖြင့် နေ့စဉ် လူနေမှုဘဝများမှ လူအများ၏ အသက်ကို ကယ်တင်နိုင်တယ်ဆိုတာကို လူထုအတွင်းပိုမိုသိရှိ စေလိုကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာကြောင့် ရှေးဦးပြုစုခြင်းနည်းပညာများကို ရပ်ရွာလူထု အတွင်း အလွယ်တကူရရှိစေပြီး ရှေးဦးပြုစုခြင်းအတတ်ကို ယခုထက်ပိုမိုတတ်မြောက် သူများပြားလာမည် ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှု ပိုမိုများပြားလာမည်ဖြစ်ကြောင်း အမှုဆောင်အဖွဲ့ဝင်က အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက တစ်နှစ်တာကာလပတ် စေတနာ့ဝန်ထမ်းတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုချီးမြှင့်ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲသို့ ရာသက်ပန်အသင်းဝင်အသစ်နှင့် အဟောင်းတို့က  အလှူငွေများ ပေးအပ်ကာ ကမ္ဘာ့အမျိုးသမီးများနေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ချီးမြှင့်သော ဂုဏ်ပြုဆုရရှိခဲ့သည့် ကချင်ပြည်နယ်ကြက်ခြေနီ ကိုယ်စားပြုအတွက် ဂုဏ်ပြုဆုရရှိခဲ့သော မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဒေါ်ဆွေမာသင်းအား မြို့နယ်ကြီးကြပ်မှုကော်မတီမှ ဂုဏ်ပြု လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)