ကျန်းမာရေးအတွက်အထူးကောင်းမွန်သော ပူတာအိုဒေသထွက် အစားအစာတစ်မျိုးဖြစ် သည့် အလေး(ခေါ်)အူလိုင်

ပူတာအို  စက်တင်ဘာ  ၈

မြန်မာနိုင်ငံမြောက်ဖျားပိုင်းရေခဲတောင်များ ပတ်လည်ဝိုင်းသောတောင်ပေါ်ဒေသ၊ ကျေးဌက် သာသကာများ တွန်ကြူးကာ သစ်ပင်ပန်းမန်များစုံလင်စွာပေါက်ရောက်ရာ ပူတာအို၊ မချမ်းဘော၊ နောင်မွန်၊ ခေါင်လန်ဖူးမြို့နယ်များတွင် သဘာဝအလျောက်ပေါက်ရောက်သော ရဝမ်ဘာသာစကား ဖြင့် အလေး(ခေါ်)အူလိုင်ပင်မှရရှိသောအမှုန့်များကို ရဝမ်တိုင်းရင်းလူမျိုးများက စွဲစွဲမက်မက်တန်ဖိုး ထားကာ စာသုံးကြသော ဒေသထွက်အစားအစာတစ်မျိုးဖြစ်သည်။

ယခင်က တောင်ပေါ်ဒေသများတွင် ရာသီဉတုဖောက်ပြန်ခြင်းကြောင့်သော်လည်းကောင်း၊ ကြွက်ဘေးကျရောက်ချိန်တွင်လည်းကောင်း၊ အစာခေါင်းပါး ဘေးကြုံတွေ့သောအချိန်များတွင် အလေး၊ ရှိန်းဆစ်၊ ဝါ့စား(ရဝမ်အမည်များ)စသည့် တောမှရရှိသော အစားအစာများဖြင့် အသက် ဆက်ခဲ့ကြရပြီး  လက်ရှိတွင်လည်း ဝေးလံခေါင်သီသော တောင်ပေါ်ဒေသများတွင် အစာခေါင်းပါး ဘေးကြုံလျှင် ၎င်းအလေး(ခေါ်)အူလိုင်ပင်မှရရှိသော အူလိုင်မှုန့်များကို အမျိုးမျိုးတီထွင်ကာ အချိုကြိုက်ပါက အချိုနှင့်တွဲဖက်၍ စားသုံးကြသည်။

အလေး(ခေါ်)အူလိုင်ပင်သည် အရှည်အမြင့်ပေ (၄၀)မှ(၈၀)အထိရှည်လျားတတ်ပြီး အပင် ၏သက်တမ်းသည် အနှစ်(၁၀)မှ(၁၅)အထက်ရောက်မှသာ ထုတ်ယူစားသုံးနိုင်သည်။ စားသုံးရန် ဆန်များမရှိသောအချိန် အူလိုင်ကို အစာအဖြစ်အသုံးပြုကာ ရှေးဘိုးဘေးများဘဝကို ဖြတ်သန်းခဲ့ကြပြီး အလေး(ခေါ်)အူလိုင်စားသုံးလျှင်အသက်ရှည်ကြောင်း သက်ကြီးစကားရှိခဲ့ကြသည်။

အလေး(ခေါ်)အူလိုင်ပင်များသည် အသီးတစ်ခိုင်မှနှစ်ခိုင်ရင့်မာလာသောအခါ အခေါက်ကိုဓား ဖြင့်စမ်းသပ်ကာ အူတိုင်တွင် အနှစ်ပျစ်ရည်ပါမပါစမ်းကြည့်ရပြီး ပျစ်ရည်ပါသော အပင်ကိုခုတ်လှဲရ သည်။ ထိုသို့ခုတ်လှဲရာတွင် အပင်ရင်းမှသော်လည်းကောင်း၊ပင်စည်ထိပ်ပိုင်းမှသော်လည်းကောင်း ခုတ်ယူရပြီး တောင်ကမ်းပါးယံစောင်းများ၌ ခုတ်လှဲရန်ခက်ခဲသောအပင်များကို ပင်စည်ထိပ်ပိုင်းသို့ တက်၍ တစ်ပိုင်းစီခုတ်ထစ်ကာ အောက်သို့လျောချယူရသည်။ အူလိုင်ပင်ကိုခွဲခြမ်းရာတွင် ဓား၊ပေါက် ဆိန်၊လွှနှင့်အူလိုင်ပင်ခုတ်ရန်ပစ္စည်းကိရိယာများဖြင့်ထုချေပြီး အမျှင်နှင့်အနှစ်ရောသော အလေးမှုန့် ကို လေးတန်(Le Dvng)ခေါ် အဆင်သင့်လုပ်ထားသော ဇလားခွက်ရှည်စင်ပေါ်တွင် စုပုံ၍ ရေဖြင့် ဆေးကြောရသည်။စင်၏အောက်တွင်ရေဆေး၍ပါလာသော အနှစ်ပျစ်ရည်များကိုခံယူထားသည့် ရေတလျောက်ပေါ်ကျစေကာ ထိုမှတဆင့် အူလိုင်အခွံဖြင့်ပြုလုပ်စီမံထားသော ဇလားဖြင့်ခံယူသည်။ ထိုအလေးမှုန့်များကို သရေစာအဖြစ်သော်လည်းကောင်း၊ထမင်းနှင့်ရောစား၍လည်းကောင်း စားသုံး ကြသည်။

အလေး(ခေါ်)အူလိုင်ပင်များကို ယခင်က တောင်ပေါ်ဒေသ တောတောင်လျှိုမြောင်များတွင် သွားရောက် ရှာဖွေကြရပြီး ယခုအခါ အစေ့ချစိုက်ပျိုး၍ရသလို အပင်ပျိုး၍ မြေချစိုက်ပျိုးနိုင်သဖြင့် ပူတာအိုဒေသ ရဝမ်တိုင်းရင်းသားများနေထိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် အဆိုပါအူလိုင်ပင်များကိုတွေ့နိုင်သည်။

အလေးမှုန်းသည် ကျန်းမာရေးအတွက် အထူးကောင်းမွန်သော အစားအစာတစ်မျိုးဖြစ်သည် ကိုတွေ့ရပြီး အစာအိမ်ရောဂါသည်များနှင့်လူမမာများစားသုံးရန် အထူးသင့်လျော်သော ဒေသထွက် အစားအစာတစ်မျိုးဖြစ်ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)